DVB Logo
Home
မြန်မာသတင်း
အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်နှင့် အဆက်အသွယ်မရသဖြင့် စိုးရိမ်ဟု MICS-TUsFထုတ်ပြန်
DVB
·
May 15, 2025
အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်နှင့် အဆက်အသွယ်မရသဖြင့် စိုးရိမ်ဟု MICS-TUsFထုတ်ပြန်
Donate to DVB

စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်နဲ့ အဆက်အသွယ် ပြတ်တောက်နေတာကြောင့် စိုးရိမ်စရာအခြေအနေ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က အရေးပေါ် ကြေညာချက် ထုတ်ပြန်ပါတယ်။

MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်တဲ့ ကိုသက်နှင်းအောင်ကို စစ်ကောင်စီက ၂၀၂၁ ဇွန်လမှာ မတရားအသင်း ဆက်သွယ်မှုနဲ့ ထောင် ၂ နှစ်နဲ့ ငွေဒဏ် ကျပ် ၂၀,၀၀၀ ချခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ဇွန်လမှာ လွတ်ရက်စေ့လို့ လွှတ်ပေးလိုက်ပေမဲ့ ထောင်ပြင်ပမရောက်ခင်မှာတင် ပြန်ဖမ်းဆီးကာ ရန်ကုန်စစ်ခုံရုံးကနေ အလုပ်ကြမ်းနဲ့ ထောင် ၇ နှစ် ထပ်ချခဲ့တာလည်း ဖြစ်ပါတယ်။

ကိုသက်နှင်းအောင်ကို အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး ဒီနှစ်ဆန်းပိုင်းအတွင်း နိုင်ငံရေးအကျဥ်းသားတွေရဲ့ အခက်အခဲ ပြဿနာတွေကို ပြောဆိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်ပိတ်အရေးယူခံရသလို မိသားစု ထောင်ဝင်စာပို့ခွင့်ပါ ပိတ်ခံထားရတယ်လို့ MICS-TUsF တာဝန်ရှိသူတယောက်က ဆိုပါတယ်။

“အခုနောက်ပိုင်း အဆက်သွယ်မရတော့လို့ သူ့အတွက်ကို အရမ်းစိုးရိမ်နေရတာ။ မိသားစုနဲ့လည်း တွေ့ခွင့်မရတော့ ဘယ်လိုအခြေအနေဖြစ်နေလဲ မသိရဘူး။”

ကိုသက်နှင်းအောင် အနေနဲ့ ကျန်းမာရေးအခြေအနေကြောင့် ဆေးစွဲသောက်နေရပြီး အခုလို ကာလရှည် တိုက်ပိတ်ခံရတာ၊ အဆက်အသွယ် ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စိုးရိမ်ထိတ်လန့်ရတယ်လို့ MICS-TUsF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ပြည်တွင်း ပြည်ပက မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ကိုသက်နှင်းအောင်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးအတွက် ဝိုင်းဝန်းကူညီပေးဖို့နဲ့ ဖိအားပေး တောင်းဆိုပေးဖို့ကိုလည်း အဲဒီအလုပ်သမားအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

ကိုသက်နှင်းအောင် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နဲ့ ကမ္ဘာ့အလုပ်သမား အဖွဲ့အစည်းတွေကလည်း အစဥ်တစိုက် တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013