DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသားက မြန်မာအမျိုးသမီးအလုပ်သမားခေါင်းဆောင်ကို ရိုက်နှက်ခဲ့သည့်အမှု ပလပ်ခံရ
DVB
·
July 7, 2026
Photo:TrueGreen
Photo:TrueGreen
Donate to DVB

ဝါးတရာစက်မှုဇုန်ရှိ True Green စက်ရုံမှာ တရုတ်နိုင်ငံသားတယောက်က အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးအမျိုးသမီးကို ကိုယ်ထိလက်ရောက် ရိုက်နှက်တဲ့အတွက် တရားစွဲဆိုထားတာကို ရွှေပြည်သာမြို့နယ် တရားရုံးက ဇူလိုင် ၆ ရက်မှာ တရားစွဲဖို့မသင့်ဘူးဆိုပြီး ပလပ်လိုက်တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

စက်ပြင်ပညာရှင်အနေနဲ့ တာဝန်ယူထားတဲ့ တရုတ်နိုင်ငံသား ကျဲကျဲက အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး အမျိုးသမီးကို ဖေဖော်ဝါရီ ၂၅ ရက်က မာကျောတဲ့အရာဝတ္ထုနဲ့ နောက်ကျောကို ရိုက်နှက်တာ၊ ဆောင့်တွန်းလို့ လဲကျသွားချိန်မှာ ပလတ်စတစ်အိတ်နဲ့ ထပ်ရိုက်နှက်တာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီရိုက်နှက်မှုနဲ့ပတ်သက်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၂၃ (နာကျင်စေမှု)၊ အမှုအမှတ် (ရာဇသတ်ကြီး- ၁၃၃/၂၆) တို့နဲ တရားစွဲဆိုထားတာကို ဇူလိုင် ၆ ရက်ကလုပ်တဲ့ ၁၃ ကြိမ်မြောက်ရုံးချိန်းမှာ တရားသူကြီးကပလပ်ကြောင်း အမိန့်ချမှတ်လိုက်တာလို့ STUM က သတင်းထုတ်ပြန်ထားပါတယ်။

ရိုက်နှက်မှု ကျူးလွန်တဲ့ CCTV မှတ်တမ်း သက်သေအပြင် မျက်မြင်အလုပ်သမားသက်သေတွေ တင်သွင်းထားခဲ့ပေမဲ့ စစ်ဆေးတဲ့ကာလအတွင်း သက်သေတချို့ပယ်ခံရတာ၊ ကျန်ရှိတဲ့ အလုပ်သမား သက်သေတွေ ရုံးချိန်းထွက်ဆိုရမဲ့ရက်တွေမှာ အကြောင်းအမျိုးမျိုးပြပြီး မလာရောက်တော့ဘဲ အလုပ်ပါ ထွက်သွားတာတွေကြောင့် သက်သေ ၁ ယောက်ပဲ ထွက်ဆိုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တရားလိုဖြစ်သူက တရားရုံးဆီ တင်သွင်းထားတဲ့ CCTV မှတ်တမ်းကို တရားရုံးက သေသေချာချာ ကြည့်ရှုသုံးသပ်တာမရှိဘဲ အမှုပယ်ချခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် အထက်တရားရုံးကို ပြင်ဆင်မှု၊ အယူခံ ဆက်လက်တက်သွားမယ်လို့ STUM က အသိပေးထားပါတယ်။

အလုပ်သမားအရေး ဆောင်ရွက်သူတယောက်က “ဒီအမှုစဖြစ်ကတည်းက ကျနော်တို့ သတင်းအချက်အလက် အမြဲစောင့်ကြည့်နေခဲ့တာပါ။ အလုပ်သမား ဥပဒေအရ ကြည့်မလား၊ တရားမကြောင်းအရ ကြည့်မလား၊ ဒီကိစ္စက သိသာထင်ရှားတဲ့ ကိစ္စတစ်ခုပါ။ နိုင်ငံခြားသားတဦးက ကိုယ့်နိုင်ငံသားအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာကိုလည်း တဖက်က အလုပ်သမားဝန်ကြီးဌာနက မသိကျိုးကျွန်ပြုထားသလို မြင်ရတယ်” လို့ ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း လုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလုပ်သမားအရေး လှုပ်ရှားသူတွေကလည်း အခုအမှုအခြေအနေကို ဆက်လက်စောင့်ကြည့်နေကြတယ်လို့ STUM က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013