
တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်ရှိ ဘိုအာချီတက္ကသိုလ်ကျောင်းဝင်းအတွင်း အစ္စလာမ္မစ် တရားဟောဆရာရဲ့ ညီလာခံကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသား ၉၇ ယောက်ကို တူရကီရဲတပ်ဖွဲ့က မေ ၁၃ ရက်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း မြို့တော်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တက္ကသိုလ်ကျောင်းသားအသင်းက စီစဉ်ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကလေးအရွယ် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အငြင်းပွားဖွယ်ရာ အမြင်သဘောထားတွေကြောင့် နာမည်ကြီးတဲ့ အစ္စလာမ့် တရားဟောဆရာ နူရဒ်ဒင် ယိလ်ဒစ်ဇ်ရဲ့ ညီလာခံကို ကျောင်းသားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ကျောင်းဝင်းအတွင်းရှိ ရဲအတားအဆီးတခုကို ချိုးဖျက်ဖောက်ထွက်ဖို့ ကြိုးစားနေချိန်မှာ ကျောင်းသားစုစုပေါင်း ၉၇ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အစ္စတန်ဘူလ်မြို့ အုပ်ချုပ်ရေးမှူး ဒါဗွဒ် ဂူးလ်က အင်္ဂါနေ့နှောင်းပိုင်းမှာ ပြောပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ၅ မီတာ (၁၅ ပေ) နက်တဲ့ ဆောက်လုပ်ရေးတွင်းထဲကို ပြုတ်ကျခဲ့တဲ့ ရဲအရာရှိ ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
သမ္မတ တေယစ်ပ် အာဒိုဂန်ရဲ့ အဓိက နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ အစ္စတန်ဘူလ်မြို့တော်ဝန် အက်ခရမ် အီမာမိုဂလူ အဖမ်းခံထားရမှုနဲ့ပတ်သက်တဲ့ ဆန္ဒပြပွဲတွေမှာ တူရကီ တက္ကသိုလ်ကျောင်းသားတွေဟာ ရှေ့တန်းက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဘိုအာချီ တက္ကသိုလ်ရှိ ကျောင်းသားတွေနဲ့ ဆရာတွေဟာ အစိုးရရဲ့ ပညာရေးပိုင်း စွက်ဖက်မှုကို ကန့်ကွက်ဆန့်ကျင်ပြီး လတ်တလောနှစ်တွေအတွင်း ပုံမှန်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
Source: Reuters