DVB Logo
Home
မြန်မာသတင်း
မြန်မာသံအမတ်ဟောင်းကို ပိုက်နက်ကျူးကျော်မှုဖြင့် ဗြိတိန်ရဲ စွဲချက်တင်
DVB
·
May 14, 2025
မြန်မာသံအမတ်ဟောင်းကို ပိုက်နက်ကျူးကျော်မှုဖြင့် ဗြိတိန်ရဲ စွဲချက်တင်
Donate to DVB

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို သံတမန်နေအိမ် ဥပစာ ကျူးကျော်မှုနဲ့ ဗြိတိန်ရဲတပ်ဖွဲ့က စွဲချက်တင်လိုက်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့တဲ့   ဦးကျော်စွာမင်းဟာ လန်ဒန်မြို့ရှိ မြန်မာသံရုံးကနေ နှင်ထုတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီ ကိုယ်စားလှယ်နဲ့ အစားထိုးခံခဲ့ရသူ ဖြစ်ပါတယ်။

အဲဒီကန့်ကွက်မှုအတွက် အဲဒီကာလတုန်းက ဗြိတိန်အစိုးရရဲ့ ချီးကျူးခံခဲ့ရသလို  သူကိုယ်တိုင် ကလည်း လန်ဒန်မြို့က မြန်မာသံအမတ်ကြီးအိမ်မှာ ဆက်လက်နေထိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တရားမဝင် စစ်ကောင်စီက ချုပ်ကိုင်ထားတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးလက်ထဲကို သံအမတ်နေအိမ်ကို လက်လွှဲမပေးနိုင်ဘူးဆိုပြီး ဦးကျော်စွာမင်းက ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်ကတော့ ဦးကျော်စွာမင်းကို သံတမန်ဥပစာအတွင်း ကျူးကျော်မှုနဲ့ ရဲတပ်ဖွဲ့က စွဲချက်တင်ခဲ့ပါတယ်။

မေ ၃၀ ရက်ကျရင် ဝက်စ်မင်စတာ ရာဇဝတ်တရားသူကြီးရုံးမှာ ဒီအမှုအတွက် လာရောက်ရင်ဆိုင်ဖို့ ဆင့်ခေါ်ခံထားရပါတယ်။

ဗြိတိန်နိုင်ငံခြားရေးရုံးနဲ့ လန်ဒန်က မြန်မာသံရုံးတို့ကတော့ ဒီကိစ္စကို မှတ်ချက်ပေးဖို့ ငြင်းထားပါတယ်။

ဗြိတိန်အစိုးရဟာ စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့် ဦးကျော်စွာမင်းကို သံအမတ်နေအိမ်က ထွက်ခွာဖို့ တိုက်တွန်းထားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက အရင်ကလည်း သတင်းဖော်ပြခဲ့ဖူး ပါတယ်။

Myanmar Accountability Project လူ့အခွင့်အရေးအဖွဲ့က ခရစ်ဂန်းနက်စ်ကတော့ ဒီအမှုကို ဗြိတိန်ရှေ့နေချုပ်က ကြားဝင်ဟန့်တားဖို့ တောင်းဆိုလိုက်ပါတယ်။

“ဗြိတိန်အစိုးရကိုယ်တိုင်က ရှုတ်ချ၊ အရေးယူထားတဲ့ အာဏာရှင်အစိုးရတရပ်က လန်ဒန်က သံတမန်ရေး ပိုင်ဆိုင်မှုတခုကို လက်လွှဲယူခွင့်ပြုဖို့ဟာ အမျိုးသားအကျိုးစီးပွားအရ မသင့် တော်ပါဘူး။ အနည်းဆုံးတော့ မြန်မာနိုင်ငံက ဒီမိုကရေစီရေးပံ့ပိုးတဲ့ ဗြိတိန်ရဲ့ မူဝါဒကို ထိခိုက်စေပါတယ်” လို့ ဂန်းနက်စ်က မှတ်ချက်ပေးပါတယ်။

ဗြိတိန်အပါအဝင် ဒီမိုကရေစီနည်းကျအုပ်ချုပ်တဲ့နိုင်ငံအများအပြားမှာ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုမထားပါဘူး။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်ဇူလိုင်လမှာ စစ်ကောင်စီက  လန်ဒန်သံရုံးယာယီတာဝန်ခံသစ်ခန့်အပ်ခဲ့ပြီး အဲဒါကတော့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းအရ ဗြိတိန်အစိုးရ သဘောတူစရာမလိုဘဲ ဆောင်ရွက်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013