ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်လန်တောင်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က မေ ၁၂ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၁၂ ရက် ည ၁၁ နာရီဝန်းကျင်မှာ ဖယ်ခုံဘက်ကနေ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တဲ့အတွက် တောင်ပို့ကွဲကျေးရွာက ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး ဟိုပန်နောက်ရွာက နေအိမ်တလုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒေသခံတယောက်က “ဘုန်းကြီးကျောင်းတည့်တည့်ကို ကျတာ၊ ရွာတွေဘက် လူတွေ ပြန်နေပြီ ဆိုတာနဲ့ ပစ်တော့တာပဲ၊ အရင်လတွေလည်း ဆက်တိုက်ပစ်နေတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ညောင်ရွှေမြို့နယ်ထဲက ရေပူ၊ ဘုရားတောင်၊ တောင်ပို့ကွဲ၊ စန့်စွဲ၊ စန့်လိတ် ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေ ပြုလုပ်ပြီး စစ်ကြောင်းထိုးတဲ့အတွက် ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ မေ ၈ ရက်မှာလည်း စန့်စွဲကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတယောက်ကိုလည်း စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ပစ်သတ်ခဲ့ကာ ငွေသား သိန်း ၉၀ ကိုလည်း ယူဆောင်သွားခဲ့ပါတယ်။