
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် တီကျစ်ပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။
တီကျစ်ပင်ကို သိပ္ပံလို Purslane (Portulaca oleracea) လို့ခေါ်ပြီး အင်္ဂလိပ်လို pigweed, little hogweed, fatweed and pusley လို့ ခေါ်ကြပါတယ်။
တီကျစ်ပင်မှာ ဗီတာမင် A၊ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံ၊ မဂ္ဂနိစ်၊ ဘီတာကယ်ရိုတင်း၊ ကစီဓာတ်၊ ပရိုတင်း၊ ဗီတာမင် B1၊ B2၊ B3၊ ဖောလိတ်၊ ကြေးနီနဲ့ ဖော့စဖရပ်စ် စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ glutathione, melatonin, flavonoid, alkaloid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊ အရိုးကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ကိုယ်ခံအားစနစ်ကို အားကောင်းစေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်းနဲ့ အနာကျက်စေခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
တီကျစ်ပင်မှာ ပါဝင်တဲ့ ဗီတာမင် A ဟာ ကိုယ်ခံစွမ်းအားကို အားကောင်းစေတဲ့အပြင် မျက်စိ ကျန်းမာစေရန်လည်း ကူညီပေးပါတယ်။
တီကျစ်ပင်မှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ် အမျိုးအစားဖြစ်တဲ့ အယ်ဖာ-လီနိုလီနစ်အက်ဆစ် (ALA) ကြွယ်ဝပြီး နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ရောင်ရမ်းမှုကို လျှော့ချပေးခြင်းနဲ့ သွေးတွင်း မကောင်းတဲ့ အဆီပမာဏကို လျှော့ချပေးပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေကို လျော့ပါးစေပါတယ်။
တီကျစ်ပင်မှာ ဗီတာမင် C၊ E နဲ့ A (beta-carotene ပုံစံ)၊ glutathione နဲ့ melatonin အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်းရှိ ဓာတ်တိုးဖိစီးမှုကို တိုက်ဖျက်ရာမှာ ကူညီပေးပြီး ဓာတ်ကြွင်းများကို ချေဖျက်ပေးတာကြောင့် ပုံမှန်စားသောက်ခြင်းက ကင်ဆာနဲ့ နှလုံးရောဂါကဲ့သို့သော နာတာရှည်ရောဂါများကို လျှော့ချပေးပါတယ်။
တီကျစ်ပင်မှာ ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် E တို့အပြင် မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ သံဓာတ် စတဲ့ မရှိမဖြစ် ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ကြွယ်ဝတဲ့အတွက် အသားအရေ ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်းနဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တခုလုံးရဲ့ လုပ်ငန်းဆောင်တာများကို ထောက်ပံ့ပေးပါတယ်။
တီကျစ်ပင်မှာ ပါဝင်တဲ့ သဘာဝအကျိအချွဲများ (gel-like) ဟာ အပျော့စား ဝမ်းနုတ်ဆေးအာနိသင် ရှိခြင်းနဲ့ အမျှင်ဓာတ်များက ဝမ်းမှန်စေကာ အကျိုးပြု ဘက်တီးရီးယားများ ကြီးထွားမှုကို ပံ့ပိုးပေးခြင်းဖြင့် အစာခြေလမ်းကြောင်း ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
တီကျစ်ပင်ဟာ အာဟာရဓာတ်များကြွယ်ဝပြီး ကယ်လိုရီနည်းပါးတဲ့အပြင် အမျှင်ဓာတ်ပါဝင်မှု မြင့်မားခြင်းကြောင့် ကယ်လိုရီစားသုံးမှုကို လျှော့ချပေးတဲ့အပြင် အိုမီဂါ-၃ ဖက်တီးအက်ဆစ်က ရောင်ရမ်းမှုကို လျှော့ချပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေကာ ကိုယ်အလေးချိန် ထိန်းညှိရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
တီကျစ်ပင်မှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အမျိုးမျိုးသော ဓာတုဓာတ်ပေါင်းများက ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အာနိသင်ရှိပြီး နာတာရှည် ရောင်ရမ်းခြင်းကြောင့် နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အဆစ်အမြစ်ရောင်ခြင်း ဖြစ်နိုင်ခြေကို တားဆီးပေးပါတယ်။
တီကျစ်ပင်မှာ ပါဝင်တဲ့ ဗီတာမင် A၊ C နဲ့ E တို့ ပါဝင်ပြီး ဗီတာမင် A က အရေပြားဆဲလ်အသစ်များ ထုတ်လုပ်ရာမှာ ကူညီပေးခြင်း၊ ဗီတာမင်စီက ကော်လာဂျင်ပေါင်းစပ်မှုကို ကူညီပေးခြင်းနဲ့ ဗီတာမင် E က အရေပြားကို ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးတဲ့အပြင် တီကျစ်ပင်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အရေးအကြောင်းများနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်များနဲ့ အရေးအကြောင်းများကို လျှော့ချပေးပြီး အိုမင်းရင့်ရော်ခြင်း လက္ခဏာများကို နှေးကွေးစေပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိများကြောင့် အသားအရေကို တင်းရင်းနုပျိုစေပြီး အရေပြားပေါ်ရှိ အနီကွက်များနဲ့ ဝက်ခြံ စတဲ့ အရေပြားပြဿနာများကို သက်သာပျောက်ကင်းစေပါတယ်။
တီကျစ်ပင်မှာ ပါဝင်တဲ့ flavonoid, alkaloid စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အမျိုးမျိုးသော ဓာတုဓာတ်ပေါင်းများက ကင်ဆာကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများ ရှိတာကြောင့် ဆဲလ်များ DNA ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေးကာ ကင်ဆာအန္တရာယ်ကို လျှော့ချပေးပါတယ်။ တီကျစ်ပင်ကို ရေနွေးကြမ်းအဖြစ် ပုံမှန် သောက်သုံးပေးနိုင်ပါတယ်။
တီကျစ်ပင်မှာ အရိုးများကို သန်မာစေတဲ့ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝတာကြောင့် တီကျစ်ပင် စားသောက်ပေးခြင်းဖြင့် အရိုးသိပ်သည်းဆကို ထောက်ပံ့ပေးနိုင်ပြီး အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
တီကျစ်ပင်မှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားပြီး သွေးတွင်း သကြားဓာတ်စုပ်ယူမှုကို နှေးကွေးစေကာ တီကျစ်ပင်ဟာ အင်ဆူလင် အာရုံခံနိုင်စွမ်းကိုလည်း မြှင့်တင်နိုင်တာကြောင့် သွေးတွင်း သကြားဓာတ်ပမဏကို ထိန်းညှိပေးကာ ဆီးချိုရောဂါအမျိုးအစား ၂ ရှိသူများအတွက် အကျိုးရှိစေပါတယ်။ ဆီးချိုရောဂါဝေဒနာရှင်များ တီကျစ်ပင်ကို ဓာတ်စာအဖြစ် ချက်ပြုတ် စားသောက်ပေးနိုင်ပါတယ်။
ထိခိုက်ရှနာများမှာ တီကျစ်ပင်သတ္တုရည် လိမ်းပေးခြင်းဖြင့် အနာကျက်စေပါတယ်။
သွေးတိုးရောဂါမှာ တီကျစ်ပင်သတ္တုရည် တခါသောက် ဟင်းစားဇွန်းတဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းများမှာ တီကျစ်ပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို နနွင်း ကော်ဖီဇွန်းဝက်ခန့်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
တီကျစ်ပင်ကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ပေးနိုင်သလို ရေနွေးကြမ်းအဖြစ်လည်း သောက်သုံးပေးနိုင်တဲ့အပြင် ဆေးဝါးအဖြစ် တီကျစ်ပင်ကို အခြောက်လှန်း အမှုန့်ပြုလုပ်ပြီး တခါသောက် ကော်ဖီတဇွန်းကို ပျားရည်တဇွန်းနဲ့ ပုံမှန်သောက်သုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း၊ ကိုယ်အလေးချိန် ထိန်းရာမှာ အထောက်အကူပြုခြင်း၊ အသားအရေ ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ သွေးတိုးကို ကာကွယ်ခြင်း၊ အဆစ်ရောင်ရောဂါကို ကာကွယ်ပေးခြင်း၊ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျော့ပါးစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
တီကျစ်ပင်ကို အသင့်အတင့် စားသုံးတာက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးခြင်းက ပျို့အန်ခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ တီကျစ်ပင်နဲ့ ဓာတ်မတည့်သူများ တီကျစ်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူများ တီကျစ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။