
မန်ချက်စတာယူနိုက်တက်အသင်းဟာ နှစ်စဉ်ကျင်းပနေကျ တနှစ်တာအကောင်းဆုံး ဘောလုံးသမားဆုပေးပွဲကို မကျင်းပတော့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အဆင့်ရပ်တည်မှုအနိမ့်ဆုံးအဖြစ် မှတ်တမ်းဝင်မယ့် မန်ယူအသင်းဟာ ရလဒ်ဆိုးတွေကြောင့် အကောင်းဆုံးဆုပေးပွဲနဲ့ ညစာစားပွဲကို မကျင်းပဖို့ ဆုံးဖြတ်ထားကြောင်း The Times သတင်းမှာဖော်ပြပါတယ်။
မန်ယူအသင်းရဲ့ တနှစ်တာ အကောင်းဆုံးဆုပေးပွဲမှာ ပထမအသင်းကြီးအပါအဝင် အမျိုးသမီးအသင်း၊ လူငယ်အသင်းတွေက အကောင်းဆုံးကစားသမားဆုတွေကို ရွေးချယ် ပေးအပ်လေ့ရှိတာပါ။
အခုနှစ် ရာသီမှာတော့ ဆုပေးပွဲကို ညစာစားပွဲနဲ့အတူ ခမ်းခမ်းနားနားမကျင်းပတော့ဘဲ ဗီလာနဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ပွဲစဉ်မတိုင်ခင် ကွင်းထဲမှာပဲ ပေးအပ်ချီးမြှင့်သွားဖို့ ရှိတယ်လို့လည်း သတင်းထွက်နေပါတယ်။
မန်ယူအသင်းဟာ နည်းပြအဲရစ်တန်ဟတ်ဂ်လက်ထက် ၂၀၂၁-၂၀၂၂ ရာသီကလည်း အသင်းရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲကို ကျင်းပခြင်းမရှိခဲ့ပါဘူး။
Photo: Reuters