
လစ်ဗျားနိုင်ငံ၊ မြို့တော် ထရီပိုလီမှာ မေ ၁၂ ရက် ညနေပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး မြို့လယ်နဲ့ တခြားနေရာတွေမှာ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရကာ လစ်ဗျားစစ်တပ်ရဲ့ တင့်ကားတွေနဲ့ သံချပ်ကာယာဉ်တွေကိုလည်း မေ ၁၃ ရက်က မြင်တွေ့ရပါတယ်။
လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တယောက် သေဆုံးတဲ့ သတင်းတွေ ထွက်လာအပြီး လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ထရီပိုလီမြို့ခံ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ဖုန်းနဲ့ ပြောခဲ့ပါတယ်။
ဂါနီဝါလို့ လူသိများတဲ့ အဗ်ဒယ်ဂါနီကစ်ကလီဟာ ထရီပိုလီမြို့ထဲက လူဦးရေထူထပ်တဲ့ အဘူဆာလင်းမ် ရပ်ကွက်မှာ အခြေစိုက်တဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့တွေထဲက တခုဖြစ်တဲ့ Support Force Apparatus (SSA) တပ်ရဲ့ တပ်မှူးပါ။
SSA က ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု လုပ်ငန်းစဉ်နဲ့ အဘ်ဒယ်လ်ဟာမစ်ဒ် ဒေးဘေးဘာ ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (GNU) နဲ့ ၂၀၂၁ ခုနှစ်မှာ အာဏာရလာတဲ့ သမ္မတကောင်စီရဲ့ လက်အောက်ခံ ဖြစ်ပါတယ်။
GNU ရဲ့ ပြည်ထဲရေး၀န်ကြီးဌာနက နိုင်ငံသားတွေ ဘေးကင်းစေဖို့ အိမ်ထဲမှာပဲ နေကြဖို့ တိုတောင်းတဲ့ ထုတ်ပြန်ချက်အတွင်း တောင်းဆိုခဲ့ပါတယ်။
ထရီပိုလီတက္ကသိုလ်ဥက္ကဋ္ဌက ဘာသာရပ်ဌာနတွေနဲ့ ရုံးတွေ အားလုံးမှာ သင်ကြားမှုတွေ၊ စာမေးပွဲတွေနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတွေကို ဆိုင်းငံ့ထားတယ်လို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ထပ်ကြေညာခဲ့ပါတယ်။
တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး တည်ငြိမ်မှုပြန်ရဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့ တာဝန်ဝတ္တရား ရှိတယ်လို့ လစ်ဗျားနိုင်ငံထဲက ကုလသမဂ္ဂမစ်ရှင်က ပါတီအားလုံးကို သတိပေးထားပါတယ်။
မြေထဲပင်လယ်မှာ အဓိက ရေနံထုတ်လုပ်တဲ့ လစ်ဗျားနိုင်ငံမှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ် စာချုပ်အဖွဲ့ (NATO) က ကျောထောက်နောက်ခံပြုတဲ့ ၂၀၁၁ ခုနှစ် လူထုအုံကြွမှု နောက်ပိုင်း တည်ငြိမ်မှု နည်းနည်းပဲ ရခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာ တိုင်းပြည်ဟာ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ကွဲသွားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ အဓိကတိုက်ပွဲတွေကို ခဏရပ်ထားပေမဲ့ နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်ဖို့ ကြိုးပမ်းချက်တွေ မအောင်မြင်ဘဲ မကြာခဏဆိုသလို လက်နက်ကိုင် တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေနဲ့ လစ်ဗျားရဲ့ များပြားလှတဲ့ စီးပွားရေးအရင်းအမြစ်တွေကို ထိန်းချုပ်ဖို့ အပြိုင်အဆိုင် ဆောင်ရွက်ခဲ့ပါတယ်။
Source: Reuters