ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းကုန်း တခုကို မေ ၁၀ ရက်မှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မော်တော်ယာဥ်တွေသိမ်းဆည်းရရှိခဲ့ကာ စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က မေ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲမေရွှန်းရွှန်းက “ကြက်မနက်ရွာက ရဲနဲ့ စစ်အင်အား ၅၀ ကျော် ၆၀ နီးပါးရှိတဲ့ တပ်စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က အထိအခိုက်တွေများပြီး ထွက်ပြေးသွားကြလို့ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်”လို့ ပြောပါတယ်။
အဆိုပါစခန်းသိမ်းတိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအသုံးပြုခဲ့တဲ့ ကား တစီး၊ ဆိုင်ကယ် ၆ စီးနဲ့အတူ တခြားစစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး Hero ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒုတာဝန်ခံက “မနက် ၇ နာရီလောက်ကနေ စတာ၊ နေ့လယ် ၁၁ ခွဲလောက်မှာ စခန်းသိမ်းနိုင်ခဲ့တယ်။ သူတို့ဘက်က ဒဏ်ရာရသူတွေများလို့ တစခန်းလုံးထွက်ပြေးသွားကြတယ်။ ထွက်ပြေးကြတာ လက်နက်တွေအကုန်ယူသွားကြတော့ လက်နက်တွေတော့ မသိမ်းခဲ့နိုင်ဘူး။ သူတို့သုံးနေတဲ့ ကားနဲ့ဆိုင်ကယ်တွေပဲ သိမ်းနိုင်ခဲ့တာ။ စခန်းထဲကို ဝင်ရှင်းလင်းတော့လည်း သေတဲ့ကောင်တွေ တော့မတွေ့ခဲ့ဘူး။ သူတို့ ထွက်ပြေးသွားတဲ့လမ်းကြောင်းတလျှောက်နဲ့ ပတ်ဝန်းကျင်ကိုတော့ နယ်မြေရှင်းလင်းရေ းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ အခုလိုစခန်းသိမ်းတိုက်ပွဲတွေ ဆက်လက် အကောင်အထည်ဖို့ရှိနေပေမဲ့ ကျနော်တို့ဆီမှာ ခဲယမ်းအင်အားနည်းနေလို့ ကူညီပေးကြပါ” လို့ ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံး ၂ ကြိမ်လာရောက်ကြဲချခဲ့ပြီး လေယာဥ်တွေနဲ့ ကင်းထောက်လှမ်းခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ (ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့) နဲ့အတူ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ တပ်ခွဲ ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။