DVB Logo
Home
မြန်မာသတင်း
အုတ်တွင်းတိုက်ပွဲ၌ စစ်သား ၅၀ နီးပါး​သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
DVB
·
January 30, 2026
အုတ်တွင်းတိုက်ပွဲ၌ စစ်သား ၅၀ နီးပါး​သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
Donate to DVB

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ဇန်နဝါရီ ၂၈ ရက် ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး ​သေဆုံးကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့သလို တော်လှန်ရေးရဲဘော် ၄ ယောက်လည်း ကျဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ က ဇန်နဝါရီ ၂၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဗျူဟာ ၂၂ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပြည် ပေါက်ခေါင်းဘက်ကနေ နယ်မြေရှင်းလင်း ထွက်လာကြတဲ့ တိုင်းဗဟို ၆ အမြောက်တပ်က အင်အား ၁၂၀၊ ထပ်တိုးအင်အား ၃၀ နဲ့ စုစုပေါင်း အင်အား ၁၅၀ နီးပါး ပါလာတဲ့ ရန်သူစစ်ကြောင်းကို အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်း လမ်းပေါ်က ပြောင်းချောင်းရွာမှာ ရန်သူ့စစ်ကြောင်းနားနေတဲ့အချိန် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲထဲမှာ ရန်သူ ၅၀ ​လောက် သေပြီးတော့ ဒဏ်ရာရတဲ့သူတွေလည်း များတာကြောင့် တပ်ပျက်ပြီး ကစဥ့်ကလျား ထွက်ပြေးသွားကြတာပါ” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ အုတ်တွင်း-ပေါက်ခေါင်း ကားလမ်းပိုင်းကို နယ်မြေရှင်းလင်းဖို့ ဇန်နဝါရီ ၂၀ ရက်က စတင် စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ရဲ့ ကွပ်ကဲမှုအပြင် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၄၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်မှာရှိကြတဲ့ ဗျူဟာရုံး တိုက်ခိုက်‌ရေးအဖွဲ့၊ ပဲခူးခရိုင်တပ်ရင်း ၃၇၀၁ တပ်ရင်း တပ်ခွဲ ၂ နဲ့ တပ်ရင်းရုံးအဖွဲ့၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ရင်း တပ်ခွဲ ၂၊ ၆ တပ်ရင်းရုံးတပ်ဖွဲ့၊ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း တပ်ခွဲ ၁၊ တပ်ခွဲ ၅ (BTZM)၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ တပ်ရင်း၊ သာယာဝတီခရိုင် ပကဖတပ်ဖွဲ့ ၁ တပ်ခွဲ ၃၊ သာယာဝတီခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့၊ ပြည်ခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၇ တပ်ခွဲ ၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း ၁ ရဲ့ တပ်ရင်းမှူး ကိုမိုးကြိုးကြီးက “တိုက်ပွဲအတွင်းမှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၄ ယောက် ကျပါတယ်။ ရဲဘော် ၅ ယောက်လည်း ဒဏ်ရာရခဲ့ပြီးတော့ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိပါဘူး။ ရန်သူ့စစ်ကြောင်းဘက်က တပ်ပျက်ပြီး ထွက်ပြေးသွားကြတဲ့ အင်အား ၁၀၀ လောက်ထဲမှာလည်း ဒဏ်ရာရတဲ့သူတွေ ပါနေလို့ ကျနော်တို့ဘက်က လိုက်ပြီး ရှင်းလင်းခဲ့ကြပါသေးတယ်။ သူတို့ဘက်က စစ်ကူတွေ ​​​ရောက်မလာခင်ဘဲ ပစ္စည်းတွေသိမ်းဆည်းပြီး ပြန်ဆုတ်လာခဲ့ကြတာပါ။ ရန်သူ့ရဲ့ လက်နက်ခဲယမ်း အများအပြားကို ကျနော်တို့ဘက်က သိမ်းနိုင်ခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းကနေ MA2 သေနတ် ၁ လက်၊ MA1 သေနတ် ၂ လက်၊ MA3 သေနတ် ၂ လက်၊ RPG7 ၁ လက်၊ ၆၀ မမ ကွန်မန်ဒို ၁ လက်၊ 5.56 ကျည်အတောင့် ၃,၀၀၀၊ 7.62 (G3) ကျည်အတောင့်ရေ ၅၈၀၊ ကျည်ဘောက် ၃၂ ခု၊ RPG အဖူး ၈ ဖူး၊ RPG ပိုယမ်းတောင့် ၇ တောင့်၊ ၆၀ မမ ဗုံးသီး ၈ လုံး၊ ၄၀ မမ ဗုံးသီး ၁၉ လုံး၊ အီနာဂါ ၁၉ လုံး၊ လက်ပစ်ဗုံး ၂၄ လုံး၊ 14 မိုင်း ၄၂ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ စကားပြောစက် ၁ လုံး၊ စတားလင့်ဘန်း ၁ ခု၊ မီတာဘုတ် ၁ ခု၊ မီးစက် ၁ လုံး၊ ဓာတ်ဆီဘူး ၂၀၊ ကီးပတ်ဖုန်းတွေ အပါအဝင် ဖုန်း ၁၅ လုံး၊ ဓား ၁၉ ချောင်း၊ စစ်သုံးကျောပိုးအိတ်၊ ဦးထုပ် ၁၄ လုံးနဲ့ စစ်ဝတ်စုံအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်တပ်ဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013