
လာမယ့်ရာသီမှာ မန်ယူအသင်း ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပါက ကွင်းလယ်လူ ကက်စမဲရိုး အနေနဲ့ လုပ်ခ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရရှိသွားမယ်လို့ သိရပါတယ်။
ဘရာဇီးကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ စွမ်းဆောင်ရည် ပြန်လည်ကောင်းမွန်လာပြီး ဘီလ်ဘာအိုနဲ့ ယူရိုပါလိဂ် ၂ ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့သူပါ။
မန်ယူအသင်းဟာ ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမယ်ဆိုရင် ကက်စမဲရိုးရဲ့ လက်ရှိလုပ်ခကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးချေရမယ်လို့ Daily Star သတင်းမှာ ဖော်ပြပါတယ်။
ဒါကြောင့် ကက်စမဲရိုးရဲ့ တပတ်လုပ်ခက ပေါင် ၅ သိန်းနီးပါးအထိ တိုးမြင့်လာမှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံး ကစားသမား ဖြစ်လာမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းကပဲ မန်ယူအသင်း ပူးတွဲပိုင်ရှင် ရတ်ကလစ်ဖ်က အသင်းရှိ ကစားသမားတွေဟာ လုပ်ခကြီးမြင့်စွာ ပေးနေရပေမဲ့ လုံလောက်တဲ့စွမ်းဆောင်ရည် မရရှိကြောင်း ထုတ်ဖော်ပြောခဲ့ပါသေးတယ်။