
ချင်းပြည်နယ်မှာ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေ ပေါင်းစည်းပြီးတော့ ချင်းပြည်နဲ့ ချင်းတမျိုးသားလုံး အကာအကွယ်ပေးနိုင်တဲ့ ပိုမိုကျစ်လျစ်ခိုင်မာတဲ့ တပ်မတော်တရပ် တိုးမြှင့်ဖွဲ့စည်းနိုင်ဖို့ အခြေခံမူတွေကို ချမှတ်ခဲ့တယ်လို့ မေ ၁၁ ရက်မှာ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂၆ ရက်ကနေ ၂၉ ရက်အထိ ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့တဲ့ ချင်းညီနောင် မြေပြင်အစည်းအဝေးမှာ အခုလို ချမှတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကို ချင်းညီနောင် အဖွဲ့ဝင်အသီးသီးက ကိုယ်စားလှယ် ၃၉ ယောက် တက်ရောက်ခဲ့ပြီး တပ်မတော်တရပ် ဖွဲ့စည်းနိုင်ဖို့ အပါအဝင် အချက် ၄ ချက်ကို သဘောတူ ချမှတ်နိုင်ခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ချင်းပြည်အစိုးရ ပေါ်ပေါက်လာနိုင်ဖို့အတွက် တန်းတူညီမျှတာ၊ တရားမျှတတာ၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တာစတဲ့ ဒီမိုကရေစီစံနှုန်းတွေ ပါဝင်တဲ့ ချင်းညီနောင်ရဲ့ Terms of Reference (ToR) အတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်တွင်း မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ဆက်စပ်ပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ လူမှုစီးပွားရေး မူဝါဒတွေ ရေးဆွဲနိုင်ဖို့ အပါအဝင် အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်သွားမယ့်အပြင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း ထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်ဖို့ အခြေခံသဘောတူညီချက်တွေ ချမှတ်ခဲ့ကြပါတယ်။
ကေခိုင်










