
ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၂ ဖွဲ့ ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းညီနောင် (Chin Brotherhood) တို့အကြား တင်းမာမှုများ လျှော့ချဖို့နဲ့ ပူးပေါင်းညီညွတ်မှုတွေတိုးတက်ဖို့ အကြံပြုထားတဲ့ အစီရင်ခံစာတစောင်ကို အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းအဖွဲ့ (ICG) က မတ် ၁၉ မှာ ထုတ်ပြန်ပါတယ်။
အဲဒီအဖွဲ့နှစ်ဖွဲ့ဟာ အရင်က တင်းမာမှု တချို့ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မြို့တော် အိုဇောလ်မှာ ကျင်းပတဲ့ အစည်းအဝေးတခုပြီးနောက် ချင်းအမျိုးသားကောင်စီ (Chin National Council) အဖြစ် ပေါင်းစည်းဖို့ သဘောတူညီခဲ့ကြတာပါ။
ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Richard Horsey ရစ်ချက်ဒ်ဟိုဆေးက ချင်းပြည်နယ်ကို “လျစ်လျူရှုခံထားရတဲ့” ဒေသလို့ သုံးနှုန်းပြီး အဲ့ဒီဒေသကို ပိုမိုအထောက်အပံ့လိုအပ်ကြောင်း၊ အိန္ဒိယအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းများ ပြတ်လပ်မှုများကို လျှော့ချရန် နယ်စပ်ကုန်သွယ်မှုများကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်ပေးသင့်ကြောင်း ပြောထားပါတယ်။
အိန္ဒိယဘက်ကတော့ ဇန်နဝါရီ ၂ ရက်နေ့ကစပြီး အိန္ဒိယ-မြန်မာ မိတ်သဟာယတံတား အမှတ် (၂) ကို အိန္ဒိယဘက်က ကန့်သတ်ထားပါတယ်။
ဒါ့အပြင် အစီရင်ခံစာမှာ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အပေါ် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရက္ခိုင့်တပ်မတော် (AA) တို့အကြား ဖြစ်ပွားနိုင်တဲ့ ပဋိပက္ခအလားအလာကိုလည်း သတိပေးထားပါတယ်။
ပလက်ဝမြို့နယ်ကိုတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ AA က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် ၂၀ အနက် မြန်မာ-အိန္ဒိယ နယ်စပ်မြို့ဖြစ်တဲ့ ရိခေါ်ဒါးမြို့အပါအဝင် ၁၅ မြို့နယ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိတိုက်ပွဲတွေကြား ပြည်သူ ၁၆၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ICG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။