DVB Logo
Home
မြန်မာသတင်း
မင်းတပ်ကို လက်မလွှတ်ရရေး စစ်တပ်က အပြင်းအထန်ခုခံ
DVB
·
December 3, 2024
မင်းတပ်ကို လက်မလွှတ်ရရေး စစ်တပ်က အပြင်းအထန်ခုခံ
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီဘက်က အပြင်းအထန်ခုခံနေကာ လက်နက်၊ ရိက္ခာ ဖြည့်တင်းတာတွေ တောက်လျှောက်ပြုလုပ်နေတယ်လို့ မင်းတပ် ပအဖထံက သိရပါတယ်။

နိုဝင်ဘာ ၉ ရက်ကတည်းက စတင်ဖြစ်ပွားနေခဲ့တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ၊ လေကြာင်းနဲ့ ခဲယမ်း၊ ရိက္ခာတွေ တောက်လျှောက်ဖြည့်တင်းပေးနေပြီး မင်းတပ်မြို့ လက်မလွှတ်ရရေးအတွက် အပြင်းအထန် ခုခံနေတာကြောင့် နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပေါ်နေတယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က DVB ကို ပြောပါတယ်။

“စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုတွေရှိတယ်။ လေကြောင်းကနေ ခဲယမ်းရိက္ခာတွေချတယ်။ ထိတွေ့မှုတွေလည်း တောက်လျှောက်ဖြစ်နေတယ်လို့ ပြောလို့ရတယ်။” 

မင်းတပ်မြို့မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားကတည်းက ခလရ ၂၇၄ တပ်ရင်းကနေ မင်းတပ်မြို့အတွင်း လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေသလို ကျောက်ထုအမြောက်တပ် (အမတ ၃၆၈) တပ်ကလည်း လက်နက်ကြီး ပစ်ကူပေးနေတာတွေ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ချင်းညီနောင်အနေနဲ့ သတင်းထုတ်ပြန်တာမျိုးမရှိသေးဘဲ အောင်ပွဲရတဲ့အချိန်နဲ့ မြို့သိမ်းနိုင်တဲ့အခြေအနေကျမှသာ သတင်းထုတ်ပြန်မယ်လို့ ကိုယောမာန်က ဆက်လက်အသိပေးထားပါတယ်။

“သတင်းထူးရှိတယ်၊ နောက်ဆုံး အကုန်သိမ်းနိုင်ပြီး စစ်ကောင်စီ ကင်းစင်သွားပြီဆိုရင်တော့ ကျနော်တို့ ချင်းညီနောင်က တရားဝင်သတင်းထုတ်ပြန်ပါလိမ့်မယ်။ လောလောဆယ်တော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ပစ္စည်းချပေးတာတွေ ရှိနေတုန်းပါခင်ဗျ။”

ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်တို့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ မင်းတပ်နဲ့ ဖလမ်းမြို့တွေအတွင်း အထိုက်အလျောက် အောင်ပွဲတွေ ရရှိနေပေမဲ့ တရားဝင် သတင်းမထုတ်ပြန်သေးဘဲ ၂၀၂၄ ခုနှစ်မကုန်ခင် ချင်းညီနောင်တပ်ဖွဲ့ လှုပ်ရှားရာနယ်မြေတွေမှာ မြို့သိမ်းပိုက်နိုင်ရေးနဲ့ စစ်ကောင်စီကင်းစင်ရေး လုပ်ဆောင်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013