
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက် ဗုံးကြဲလို့ နေအိမ်အလုံး ၂၀ လောက် မီးလောင်ပျက်စီးပြီး အရပ်သား ၄ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျိုက်ထိုမြို့နယ်ထဲမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး မေ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာလည်း ဗုံးကြဲခဲ့ပါတယ်။
ဒေသခံတယောက်က “မနက်တုန်းကတော့ လေယာဉ်နဲ့ ၃ ကြိမ် ကြဲတယ်။ ဗုံး ၅ လုံးလောက် ကြဲတယ်။ ရွာသား ၂ ယောက် ထိသွားတယ်။ ဒဏ်ရာတော့ နည်းနည်းပြင်းတယ်။ ပထမတရက် ကြဲတယ်။ အိမ်ခြေ ၄ လုံး ပျက်စီးသွားတယ်။ ဒုတိယရက်မှာတော့ အိမ်ခြေ ၁၄ လုံး မီးလောင်သွားတယ်” လို့ ပြောပါတယ်။
မနေ့က စစ်ကောင်စီလေတပ်က ဗုံးကြဲလို့ အသက် ၅၀ အရွယ်နဲ့ ၂၀ အရွယ် ဒေသခံ ၂ ယောက် လက်နဲ့ခန္ဓာကိုယ်မှာ အပြင်းအထန် ဒဏ်ရာရသွားပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အသက် ၃၁ နဲ့ ၁၈ နှစ်အရွယ် အမျိုးသား ၂ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “အခုရက်ပိုင်း ကျိုက်ထိုဘက်မှာ တိုက်ပွဲဖြစ်တာ မရှိဘူး။ စစ်ကောင်စီတပ်ဘက်ကတော့ သိမ်ဇရပ်ကိုလည်း စစ်အင်အားဖြည့်ထားတယ်။ ဝေါဘက်ခြမ်း သူရဲသမိန်တို့၊ မြစ်ကျိုးတို့ကိုလည်း စစ်အင်အားတွေ ဖြည့်ထားတယ်” လို့ ပြောပါတယ်။
မေ ၈ ရက်ကတော့ စစ်တောင်းမြစ်တဖက်ကမ်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်က ခမရ ၅၉၈ တပ်ရင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား ၃၀ ကျော်သေ၊ စစ်သုံ့ပန်း ၆ ယောက်နဲ့ မိသားစုဝင် ၇ ယောက်ကို ဖမ်းမိတဲ့အပြင် လက်နက်မျိုးစုံ ၈၃ လက်၊ Jammer စက် ၃ လုံး၊ ခဲယမ်းတွေ ရရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။