
အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ခဗာချာ ခွာရတ်ခယ်လီယာကို ခေါ်ယူခွင့်ရပေမဲ့ မခေါ်ယူဖြစ်ခဲ့တဲ့အကြောင်း ကင်းထောက်ဟောင်းတယောက်က ပြောပါတယ်။
ဂျော်ဂျီယာ တောင်ပံကစားသမားဟာ အာဆင်နယ်နဲ့ ၂ ကျော့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး တချိန်က ခေါ်ယူခွင့်ရပေမဲ့ မခေါ်ယူဖြစ်ပုံကို အာဆင်နယ်ကင်းထောက် သောမက်ဇ်က ပြန်လည်ပြောခဲ့တာပါ။
ခွာရတ်ခယ်လီယာရဲ့ ကစားပုံကို ဂျော်ဂျီယာလူငယ်အသင်းနဲ့ ရူဘင်ကာဇန်အသင်းတွေမှာ လေ့လာခဲ့ဖူးပြီး ကစားသမားကောင်းတယောက်ဖြစ်ပေမဲ့ အဲဒီအချိန်က ရုရှားလိဂ်မှာ ရုန်းကန်နေရတဲ့အတွက် အာဆင်နယ်ဘက်က ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိခဲ့တာလို့ အာဆင်နယ် ကင်းထောက်ဟောင်းက ပြောပါတယ်။
အာဆင်နယ်ဟာ ခွာရတ်ကို မခေါ်ယူဖြစ်တာကြောင့် ဘရာဇီးကလပ် ဆာအိုပေါ်လိုအသင်းက တောင်ပံတိုက်စစ်ကစားသမား မာကွင်ဟိုကို ခေါ်ယူခဲ့ပါတယ်။