
ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ ကျပ်သန်းပေါင်း ၄,၅၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးတွေ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က မေ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မေ ၈ ရက် ညနေ ၃ နာရီခွဲက ဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာနားမှာ မန္တလေးကနေ ဘားအံဘက်ကို ကျော်ဇင်ဦး မောင်းနှင်ပြီး မမွန်မွန်ငြိမ်း လိုက်ပါလာတဲ့ Mitsubishi Fuso ၁၂ ဘီးကားကို သတင်းအရ ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
ကားပေါ်ကနေ ဒေသကာလတန်ဖိုးငွေကျပ် သန်း ၄,၅၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၀ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီဆေးပြားတွေကို ရှမ်းပြည်နယ်ကနေ ကရင်ပြည်နယ်ကို သယ်ဆောင်ရောင်းဝယ်တာလို့ သိရပြီး သူတို့ကို ဥပဒေအရ အရေးယူထားသလို ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ ငွေကျပ်သန်းပေါင်း ၁၇,၅၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးတွေ မေ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့လည်း မူးယစ်ဆေး ထိန်းချုပ်ရေးဗဟိုအဖွဲ့က မေ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။