
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျ ပျက်စီးခဲ့တဲ့ Great Wall Hotel အဆောက်အအုံကို ဖယ်ရှားရှင်းလင်းပြီး ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆောင်ရွက်နေရာ မေလ ၁၀ ရက် မနက်မှာတော့ အမျိုးသမီး တယောက်ရဲ့ ရုပ်အလောင်းကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က စက်ယန္တရားတွေနဲ့အတူ ရုပ်အလောင်းကျန်ရှိနေတဲ့ မန္တလေးမြို့ ပျက်စီးခဲ့တဲ့ Great Wall Hotel အဆောက်အအုံကို ဖယ်ရှားရှင်းလင်းခြင်းနဲ့ ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
DVB Data Team က ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ ငလျင်လှုပ်ခတ်ခဲ့ပြီး မေ ၉ ရက်အထိ စုစုပေါင်းသေဆုံးသူ ၄၄၇၇ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူကတော့ ၁၁၃၆၆ ယောက်ရှိသွားပြီဖြစ်သလို ဒီစာရင်းတွေထဲမှာ မန္တလေးမြို့ကတော့ သေဆုံးဦးရေ ၂၉၁၆ ယောက်နဲ့ အများဆုံးလည်း ဖြစ်ပါတယ်။