
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကမြို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်း အသက်ပြည့်မီသူရှိတဲ့ အိမ်တွေကို တအိမ် ကျပ် ၁၃၀,၀၀၀ အထိ ကောက်ယူနေလို့ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီခန့် ဒါးကမြို့အုပ်ချုပ်ရေးမှူး ကျော်ကျော်က မေ ၈ ရက်က စတင်ပြီး စစ်မှုထမ်း သတ်မှတ်အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ နေအိမ်တွေကို တအိမ် ကျပ် ၁၃၀,၀၀၀ အထိ ကောက်ယူနေတာလို့ ဆိုပါတယ်။
ဒါးကမြို့ခံတယောက်က “အုပ်ချုပ်ရေးမှူးက မောက်မောက်မာမာကိုပြောပြီး ပိုက်ဆံတောင်းတာ။ မပေးရင် ကိုယ့်သားသမီးတွေ စစ်မှုထမ်းစာရင်းထဲ ပါသွားမယ်ပေါ့။ သားသမီးမရှိတဲ့ အိမ်တွေက အဖမ်းခံရမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောကောက်နေတာ။ နီးရာဓား ကြောက်နေရတော့ ထည့်ရတာ။ စစ်မှုထမ်းဖို့ အသက်မီတဲ့သူ ၄ ယောက်ရှိလည်း ဒီနှုန်းထားအတိုင်းပဲ ၅ သိန်းကျော်ထည့်ရတာ” လို့ ပြောပါတယ်။
အဲဒီ ဒါးကမြို့ အုပ်ချုပ်ရေးမှူး ကျော်ကျော်ဟာ စစ်မှုထမ်းထောက်ပံ့ကြေးလို့ ခေါင်းစဉ်တပ်ကာ ရှေ့အပတ်စဉ်တွေက ကောက်ယူထားတဲ့ငွေတွေကို စစ်ကောင်စီတပ်ကို ခွဲပေးပြီး ကျန်ငွေတွေကို ကိုယ်ကျိုးအတွက်သာ အသုံးပြုပြီး စစ်မှုထမ်း မိသားစုတွေနဲ့ စစ်မှုထမ်းလူငယ်တွေကို မပေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “အုပ်ကြီးနဲ့အဖွဲ့က တအိမ်ကို ၁၃၀,၀၀၀ အထိ ကောက်ခံနေတာ။ ကြောက်တော့ ထည့်တဲ့သူတွေချည်းပဲ။ အုပ်ကြီးက ဦးဆောင်ကောက်နေတာ။ ကောက်တဲ့ငွေ မပေးတဲ့အိမ်ကို စာရင်းယူပြီး မြို့နယ်ကို တင်ပြလိုက်မယ်လို့ အုပ်ချုပ်ရေးအဖွဲ့က ပြောတယ်။ မထည့်ရင် ဖမ်းမှာကြောက်ရတော့ ထည့်ရတာပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် အဲဒီ ဒါးကမြို့ အုပ်ချုပ်ရေးမှူး ကျော်ကျော်ဟာ စစ်မှုထမ်းအကြောင်းပြ ငွေကောက်ယူနေတာအပြင် စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၁ အထိ အရပ်သား လူငယ်တွေကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ နေအိမ်တွေအထိ လိုက်လံဖမ်းဆီး ခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။