
ပဲခူးတိုင်း၊ အုတ်တွင်းမြိုနယ်မှာ ငလျင်ဒဏ်ကြောင့် နေအိမ်တိုက်တာ ပြိုကျပျက်စီးသွားတဲ့ ပြည်သူတွေ နေအိမ်ပြန်ဆောက်နိုင်အောင် မေ ၈ ရက်မနက်က စစ်ကောင်စီတပ်နဲ့ အထွေထွေအုပ်ချုပ်ရေးက တအိမ်ထောင်ကို ကျပ် ၂၀၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ထောက်ပံ့ကြေးပေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ငလျင်ကြောင့် တိုက်တာနေအိမ်ပြိုကျပျက်စီးသွားတဲ့ ရပ်ကွက်နဲ့ ကျေးရွာ ၃၀ ကျော်က အိမ် ထောင်စု ၅၀၀ ကျော်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကိုခေါ်ယူပြီး ထောက်ပံ့ကြေးပေးတာ လို့ မြို့ခံတယောက်က ပြောပါတယ်။
"တိုက်အိမ်ပြိုရင် ပြန်ပြင်ဖို့ အစိုးရပေးတဲ့စရိတ်က ကျပ် ၂ သိန်းတဲ့ ဘိလပ်မြေတအိတ်တောင် အခု ပေါက်ဈေးက ၄၀,၀၀၀ ကျော်ရှိတယ်။ သူတို့ပေးတဲ့ ၂ သိန်း ဘာတွေပြန်ပြင်လို့ရမှာလဲ။ ကိုယ်တွေတောင် တိုက်ဖြစ်နေလို့ ၂ သိန်းရတာ၊ တချို့လူတွေ ၅၀,၀၀၀ ပဲရတာ "လို့ ပြောပါတယ်။
အုတ်တွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါအောင်နဲ့ တကက ၆ မှ ဗိုလ်မှူး မြင့်ဇော်တို့က အိမ် ထောင်စု ၅၀၀ ကျော်ကိုထောက်ပံကြေးရာမှာကျပ် ၅၀,၀၀၀ ကျော်ရ သူများပြားကြောင်း ဒေသခံတယောက်က ပြောပါတယ်။
"တိုက်အိမ် ၃၁ လုံးကို ၂ သိန်း၊ သစ်အိမ် ၄ လုံးကို ၁ သိန်းကျပ်ပေးတယ်။ ကျန်တဲ့ အိမ် ၅၃၅ လုံးကို ၅၀,၀၀၀ ပဲပေးတယ်။ ၂ သိန်းနဲ့တောင် အိမ်ပြန်ပြင်ဖို့မဖြစ်နိုင်တာ ၅၀,၀၀၀ ပေးတာ ကိုအခမ်းအနားနဲ့လုပ်နေတယ်။ ပြီးခဲ့တဲ့လက အုတ်တွင်းမှာ ငလျင်ဒဏ်သင့်တဲ့သူတွေကို NUG ကထောက်ပံ့ကြေးပေးတာတောင် တယောက်ကို ၃ သိန်းရတယ်။”
အုတ်တွင်းမြို့နယ်မှာ မတ်လ ၂၈ ရက်က လှုပ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူမရှိပေမဲ့ နေ အိမ်တိုက်တာ ၆၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
မတ် ၂၈ ရက်က လှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၂၂ မြို့နယ်မှာ သေဆုံးသူ ၄၄ ယောက်နဲ့ ဒဏ်ရာရသူ ၂၃၄ ယောက်ရှိပြီး ဘုရားစေတီ ၇၁ ဆူ ပြိုကျကာ လူနေအိမ်၊ ဘုန်းကြီးကျောင်း၊ ဘာသာရေးဆိုင်အဆောက်အအုံနဲ့ ရုံးဌာန ၂၅၉၇ ခု ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။