
ပိုလန်နိုင်ငံ၊ ဝါဆောမြို့တော်ရှိ ဝါဆောတက္ကသိုလ်မှာ ပုဆိန်ကိုင်ထားတဲ့ အမျိုးသားတယောက်က လူတယောက်ကို သတ်ဖြတ်ခဲ့ပြီးနောက်မှာ ပိုလန်ရဲတွေက တိုက်ခိုက်သူကို ဖမ်းဆီးထားကြောင်း ပိုလန်ရဲတပ်ဖွဲ့က မေ ၇ ရက်မှာ ပြောပါတယ်။
“ဝါဆောတက္ကသိုလ် ပရိဝုဏ်အတွင်း ဝင်ရောက်လာတဲ့ အမျိုးသားတယောက်ကို ရဲက ဖမ်းဆီးထားပါတယ်။ တယောက်သေဆုံးပြီး ဒဏ်ရာတွေနဲ့ နောက်တယောက်ကိုတော့ ဆေးရုံကို ပို့ဆောင်ထားပါတယ်” လို့ ဝါဆောရဲဌာနက ထုတ်ပြန်ပါတယ်။
ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၀ မိနစ်မှာ အခင်းဖြစ်ပွားခဲ့ပြီး အဲဒီလူဟာ ကျောင်းဝင်းထဲက လူတွေကို ပုဆိန်နဲ့ လိုက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ထိန်းသိမ်းခံရသူမှာ အသက် ၂၂ နှစ်အရွယ် ပိုလန်နိုင်ငံသား ဖြစ်ပါတယ်။ အမျိုးသမီးတယောက်ရဲ့ ဦးခေါင်း အဖြတ်ခံရထားပြီး တက္ကသိုလ်မှာ ပုဆိန်တချောင်းကို တွေ့ရှိခဲ့တယ်လို့ ပုဂ္ဂလိက ရုပ်သံလွှင့်ဌာန Polsat News က ဆိုပါတယ်။
ခရိုင်ရှေ့နေရုံးက ပြောရေးဆိုခွင့်ရှိသူကတော့ ဦးခေါင်းအပြတ်ကို တွေ့ရှိခြင်း ရှိ၊ မရှိ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရှိသူက တက္ကသိုလ်မှ အုပ်ချုပ်ရေးဝန်ထမ်း အမျိုးသမီးတယောက် အခင်းဖြစ်ပွားတဲ့နေရာမှာ သေဆုံးသွားပြီး လုံခြုံရေးအစောင့်တယောက် ဒဏ်ရာရရှိကာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်သူဟာ တက္ကသိုလ်ရှိ ခန်းမတခုထဲကို ဝင်ရောက်ခဲ့ကြောင်းလည်း ဆိုပါတယ်။
Source: Reuters