Home
မြန်မာသတင်း
မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ပါ ဗုံးများ အသုံးပြုတိုက်ခိုက်နေ 
DVB
·
May 8, 2025

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်အစပ်မှာရှိတဲ့ မိုးဗြဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က အဆိပ်ငွေ့ပါတဲ့ ဗုံးတွေ အသုံးပြုတိုက်ခိုက်နေပါတယ်။

စစ်ကောင်စီတပ်က မိုးဗြဲကို ပြန်ရချင်တဲ့အတွက် လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေမှာ အဆိပ်ငွေ့လို့ ယူဆရတဲ့ ဗုံးတွေ အသုံးပြုနေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က မေ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

KNDF ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုး က “စစ်ကောင်စီက မိုးဗြဲကို အပြင်းအထန် စစ်ကြောင်းထိုးနေတာပေါ့နော်၊ ဧပြီလ နောက်ဆုံးအပတ်လောက်ကစပြီးတော့ စစ်ကြောင်းထိုးတယ်။ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်တာရှိတယ်။ ပြီးရင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို လေကြောင်းနဲ့ တိုက်ခိုက်တာ ရှိတာပေါ့နော်။ မိုးဗြဲမှာ အဆိပ်ငွေ့အသုံးပြု တိုက်ခိုက်တယ်ဆိုတာ မှန်တယ်ပေါ့နော်။ ပစ်ခတ်တဲ့ လက်နက်ကြီးတွေ၊ Drop ဗုံးတွေ၊ ဒရုန်းဗုံးတွေ ချတဲ့အခါမှာ အဆိပ်ငွေ့တွေကို ရှူရှိုက်မိလို့ရှိရင် မူးဝေတာတွေ၊ အော့အန်တာတွေ စသဖြင့်ပေါ့ အဲဒီလက္ခဏာတွေကို ပြန်ပြီးခံစားရတယ်” လို့ ပြောပါတယ်။

မိုးဗြဲကို ထိန်းချုပ်ပြီး လွိုင်ကော်မြို့နဲ့ ကရင်နီက နယ်မြေတွေကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာတာ ၆ လကျော်နေပြီး ဧပြီလ နောက်ဆုံးအပတ်ကနေ ဒီနေ့အထိ နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

IEC အတွင်းရေးမှူး ၂ ဦးဗညားက “စစ်ကောင်စီက အပြင်းအထန်တိုက်ခိုက်နေရတဲ့ နေရာတော်တော်များများကို အဆိပ်ငွေ့ပုံစံလိုမျိုး သုံးခဲ့တဲ့ အတွေ့အကြုံရှိတယ်၊ နောက် သိမ်းဆည်းရမိတဲ့ လက်နက် ခဲယမ်း မီးကျောက်ထဲမှာလည်း အဲ့လို အဆိပ်ငွေ့ထွက်တဲ့ လက်နက်ကြီး ကျည်ဆန်တွေလည်း သိမ်းမိတာရှိတာပေါ့နော်။ နောက်ပြီးတော့ ဒီ ဒရုန်းတွေကတဆင့် ကြဲတဲ့ဟာတွေ၊ အဲ့က ရလာတဲ့ တချို့အချက်အလက်တွေအရ စစ်ကောင်စီသုံးတာကို မှတ်ချက်ပြုလို့ ရပါတယ်” လို့ ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်ကျဆုံးတာတွေရှိသလို တော်လှန်ရေးအင်အားစုဘက်ကလည်း ထိခိုက်ကျဆုံးတာတွေရှိနေပါတယ်။

မိုးဗြဲဆည်နဲ့ ဘီလူးချောင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ အဆိပ်ငွေ့ပါတဲ့ ဗုံးကြောင့် ငါးတွေ မူးဝေ သေဆုံးတာတွေလည်း ရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်မှုအားကောင်းတဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်တို့မှာ စစ်ကောင်စီတပ်က ဓာတုအဆိပ်ငွေ့တွေပါတဲ့ ဗုံးတွေကို အသုံးပြုတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024