Home
မြန်မာသတင်း
ကျောက်ထုမြို့တွင် စစ်သားများ ဖမ်းဆီးရိုက်နှက်သဖြင့် ဦးပဥ္စင်း ၁ ပါး ပျံလွန်တော်မူ
DVB
·
May 8, 2025
Photo : ယောအလင်းတန်း

မကွေးတိုင်း၊ ကျောက်ထုမြို့မှာ မေ ၃ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးရိုက်နှက်မှုကြောင့် ဦးပဥ္စင်းတပါး ပျံလွန်တော်မူသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဆီကနေ သိရပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကြီးက “ကျောက်ထုတိုက်နယ်ထဲက တပြင်းရွာ ဘုန်းကြီးကျောင်းက ဦးဇင်းတပါးက သူ့ဒကာနဲ့ ကျောက်ထုမြို့ပေါ်ကို ကျောင်းပြင်ဖို့ ဆောက်လုပ်ရေးပစ္စည်းတွေ တက်ဝယ်ရင်း သူတို့ပစ္စည်းဝယ်တဲ့ဆိုင်နားမှာ အရက်မူးနေတဲ့ အရပ်ဝတ်နဲ့ စစ်သားတွေက သူတို့ကို ဓာတ်ပုံရိုက်လို့ဆိုပြီး ဖမ်းတာကို ရှင်းပြတာ ဘယ်လိုမှ လက်မခံဘဲ ကျောက်ထုအမြောက်တပ်ထဲ ခေါ်သွားကြတာ။ နေ့လယ်ပိုင်းလောက်က ဖမ်းခေါ်သွားတာ၊ ညနေမိုးချုပ်ပိုင်းလောက်ကျမှ ပြန်လွတ်လာကြတယ်။ ညပိုင်းမှာ ၂ ယောက်လုံး ရွာကို ပြန်ရောက်လာကြတယ်။ သူတို့ကို PDF တွေနဲ့ အဆက်အသွယ်ရှိလား၊ PDF တွေ ဘယ်မှာနေလဲ၊ အင်အားဘယ်လောက်ရှိလဲ၊ အဲဒီလိုတွေမေးပြီး ဝိုင်းပြီး ရိုက်နှက်ကြတာတဲ့။ ဦးဇင်းရဲ့ နောက်ကျောမှာ ထိုးသွင်းဒဏ်ရာ ၃ ချက်၊ ကျောကုန်းတခုလုံး ညိုမည်းနေပြီးတော့ ခြေထောက်တဖက်လည်း ကျိုးလာတယ်။ မျက်နှာကလည်း ထိုးကြိတ်ခံထားရလို့ ဖူးရောင်နေတယ်။ သူ ရလာတဲ့ ဒဏ်ရာတွေကြောင့်ပဲ နောက်ရက်မှာ ပျံတော်မူသွားတယ်။ ဦးဇင်းနဲ့အတူ ပါသွားတဲ့ ဒကာကတော့ ကျောကုန်းတွေမှာ ညိုမည်းနေတယ်။ မျက်နှာမှာ ဖူးရောင်ဒဏ်ရာတွေ ရလာတယ်။ ပေါင်မှာလည်း ထိုးသွင်းဒဏ်ရာ တွေ့တယ်။ နှိပ်စက်နေရင်းနဲ့ စစ်သားတယောက်က ငါတော့ လက်လွန်သွားပြီလို့ ပြောသံကြားလိုက်ရသေးတယ်တဲ့” လို့ ပြောပါတယ်။

မေ ၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးနှိပ်စက် ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် မေ ၄ ရက် ညနေပိုင်းမှာ ပျံလွန်တော်မူသွားတဲ့ ဦးပဥ္ဇင်းဟာ တပြင်းကျေးရွာ ဘုန်းကြီးကျောင်းက ဝါတော် ၃ ဝါကျော်၊ သက်တော် ၄၀ အရွယ်၊ လူနာမည် ကိုသန်းမင်း ဖြစ်ကာ သူ့ရဲ့ဒကာ အသက် ၃၈ နှစ်အရွယ် ကိုအောင်ဆန်းဦး ကတော့ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ဆောမြို့နယ် ပကဖ တာဝန်ခံ ကိုနိုဘယ်က “ကျောက်ထုမြို့ပေါ်မှာ စစ်‌ေ–းတွေက ယူနီဖောင်းတွေနဲ့လည်း ရှိတတ်သလို အရပ်ဝတ်တွေနဲ့လည်း ရှိတတ်တယ်။ သူတို့ မထင်ရင် မထင်သလို ပြည်သူကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်လေ့ရှိတယ်။ အဲဒါကြောင့်မို့လို့ ရွာနီးချုပ်စပ်က ပြည်သူတွေအနေနဲ့ ကျောက်ထုမြို့ပေါ်ကို သွားလာတာတွေ အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ ကျနော်တို့ဘက်က မေတ္တာရပ်ခံချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ဆောမြို့နယ်၊ ကျောက်ထုမြို့အခြေစိုက် အမှတ် ၃၆၈ အမြောက်တပ်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကျောက်ထုမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ သယ်ဆောင်တာတွေအပြင် ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာတွေနဲ့ လူနေအိမ်တွေကို မကြာခဏ ဝင်ရောက်မီးရှို့ ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခုရက်ပိုင်းမှာ ကျောက်ထုနယ်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေး မနေထိုင်ကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေ ပြုလုပ်ထားကြဖို့ တိုက်တွန်းထားတယ်လို ဆောမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024