DVB Logo
Home
နိုင်ငံတကာ
ယီမင်တွင် ဗုံးကြဲတိုက်ခိုက်မှု ရပ်ပေးမည်ဟု ထရမ့်ပ် ပြော
DVB
·
May 7, 2025
ယီမင်တွင် ဗုံးကြဲတိုက်ခိုက်မှု ရပ်ပေးမည်ဟု ထရမ့်ပ် ပြော
Donate to DVB

အီရန်ရဲ့ မဟာမိတ် ဟူသီအဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ အရေးကြီးတဲ့ သင်္ဘောလမ်းကြောင်းတွေကို ဟန့်တားနှောင့်ယှက်ခြင်းကနေ ရပ်တန့်ဖို့ သဘောတူပြီးနောက်မှာ အမေရိကန်ကလည်း ယီမင်ရှိ ဟူသီသူပုန်တွေအပေါ် ဗုံးကြဲတိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်မှာ ဖြစ်ကြောင်း မေ ၆ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ဘဲဥပုံရုံးခန်းမှာ ကနေဒါဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ ထရမ့်ပ်က ဟူသီတွေက သူတို့ စစ်ကို ဆက်မတိုက်ချင်တော့ဘူးလို့ ပြောကြောင်း ကြေညာခဲ့ပြီး အဲဒီသတင်းစကားအပေါ် အသေးစိတ် မပြောခဲ့ပါဘူး။

“အပေးအယူလုပ်တာ မဟုတ်ဘူး။ ဟူသီတွေက ငါတို့ကိုလည်း ကျေးဇူးပြုပြီး ဗုံးထပ်မကြဲပါနဲ့တော့။ မင်းတို့ သင်္ဘောတွေကိုလည်း ငါတို့ တိုက်ခိုက်တော့မှာ မဟုတ်ဘူးလို့ သူတို့က ပြောတာ။ သူတို့ မတိုက်တော့ဘူးဆိုရင် ငါတို့လည်း ဗုံးကြဲတာ ရပ်ပေးမယ်။ အရေးကြီးတာက သူတို့စကား သူတို့ တာဝန်ယူရမယ်”လို့ ထရမ့်ပ်က ပြောပါတယ်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့က အစ္စရေးကို တိုက်ခိုက်မှုအပြီး အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တွေကို စစ်ရေးအရ ထိုးစစ်ဆင် လက်တုံ့ပြန်လာခဲ့ချိန်ကစပြီး ဟူသီတွေဟာ ပင်လယ်နီမှာ အစ္စရေးနဲ့ ကုန်သွယ်သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

၀ါရှင်တန်ဟာ သင်္ဘောတွေကို ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေ မလုပ်တော့ဘူး ဆိုတဲ့ ဟူသီတွေဟာ စကားကို လက်ခံပေးမယ်လို့ အမေရိကန် သမ္မတက ပြောခဲ့တာ ဖြစ်ပါတယ်။ 

ယီမင်နိုင်ငံမြို့တော်ဆာနာနဲ့ အဓိကနိုင်ငံတကာလေဆိပ်တို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အစ္စရေးတို့ရဲ့ နောက်ဆုံး တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ ဟူသီသူပုန်တွေက ကတိပြုလိုက်တယ်လို့ အယ်လ်ဂျားဇီးယား သတင်းဌာနက မေ ၆ ရက်မှာ ပြောပါတယ်။

အင်္ဂါနေ့က တိုက်ခိုက်မှုအတွင်း လူ ၃ ယောက်ထက်မနည်း သေဆုံးပြီး ၃၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဟူသီတွေနဲ့ ဆက်နွှယ်တဲ့ အယ်လ် မာစီရာရုပ်သံက ပြောပါတယ်။

ဒါဟာ ၂ ရက်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်ခံရတာ ဖြစ်ပြီး လူ ၃ ယောက် သေဆုံးတယ်လို့ ရုပ်သံက ပြောပါတယ်။ တိုက်ခိုက်မှုတွေဟာ အစ္စရေး ချွတ်ခြုံကျခြင်းရဲ့  နောက်ထပ် အထောက်အထားအဖြစ် ဟူသီနိုင်ငံရေးဗျူရိုက ကြေညာချက် ထုတ်ပြန် ရှုတ်ချခဲ့ပါတယ်။

ယီမင်ဆိပ်ကမ်းတွေ၊ ဆာနာ လေဆိပ်၊ ဘိလပ်မြေစက်ရုံတွေနဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို ပစ်မှတ်ထားပြီး ယီမင်ပြည်သူတွေကို ပိတ်ဆို့ထားဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

အစ္စရေးနဲ့ အမေရိကန်တို့က ယီမင်ကို တိုက်ခိုက်မှုကြောင့် ဂါဇာကို ဆက်ထောက်ခံနေတာကနေ ယီမင်ကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ဟူသီတွေက ပြောပါတယ်။

အစ္စရေးစစ်တပ်က ဆာနာလေဆိပ်ကို ပစ်မှတ်ထားပြီး လုံးဝ မလည်ပတ်နိုင်အောင် လုပ်ခဲ့တယ်လို့ ကြေညာချက်ထုတ်ပြန် ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရဲ့ ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာလေဆိပ်အနားမှာ တနင်္ဂနွေနေ့က ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ကွန်ကရစ်စက်ရုံနဲ့ ဓာတ်အားပေးစက်ရုံ အများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဆာနာလေဆိပ်ဟာ ဟူသီအကြမ်းဖက်အစိုးရအတွက် လက်နက်တွေနဲ့ စစ်ဆင်ရေးတွေကို လွှဲပြောင်းပေးဖို့ ဗဟိုအချက်အချာအဖြစ် အလုပ်လုပ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောခဲ့ပါတယ်။

စစ်ဆင်ရေးကို လေတပ်ဦးစီးမှူးနဲ့ စစ်ဦးစီးချုပ်က အတည်ပြုခဲ့ပါတယ်လို့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးကို ခြိမ်းခြောက်တဲ့ ဘယ်အဖွဲ့ကိုမဆို အင်အားသုံးပြီး ဆက်လက် တိုက်ခိုက်သွားမယ်လို့လဲ အစ္စရေးစစ်တပ်က ပြောပါတယ်။

အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေရဲ့ အကျိုးဆက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အယ်လ်ဂျားဇီးယား သတင်းထောက် မိုဟမ်မဒ် အယ်လ်အာတက်ဘ်က ဆာနာမြို့တော်ကနေ ပြောပါတယ်။

ဟူသီတွေဟာ အစ္စရေးနဲ့ အမေရိကန် အကျိုးစီးပွားတွေကို ဆန့်ကျင်တဲ့ ဟားမတ်စ်နဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့တွေ အပါအဝင် အရှေ့အလယ်ပိုင်းက အီရန်ရဲ့ ဝင်ရိုးတန်းအဖွဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

ဂါဇာစစ်ပွဲ စကတည်းက ထိပ်တန်းခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ပြီး စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အစ္စရေးက ဖျက်ဆီးရင်း အုပ်စုတွေကို အားပျော့သွားအောင် လုပ်ခဲ့ပေမယ့် ဟူသီတွေက တပ်ဖွဲ့အဖြစ်ရှိနေဆဲဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013