
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၂ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧပြီ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းထဲမှာ မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် လူနေအိမ် ၅ လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၁၇ လုံး အမိုးလန် ပျက်စီးခဲ့ကာ ဒေသခံအိမ်ထောင်စု ၂၂ စု လေဘေးဒဏ်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနဲ့ နီးစပ်သူက “အချိန်အခါမဟုတ်တဲ့ မိုးဒဏ်နဲ့ လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် ပျက်စီးတာ။ တစိတ်တပိုင်း ပျက်စီးတဲ့အိမ်က များပါတယ်။ လုံးဝပျက်စီးခဲ့တဲ့ အိမ်တွေက နည်းတယ်။ အိမ်တွေကတော့ အမျိုးအစားအစုံပါ။ လေဘေးသင့်ဒေသခံတွေကို သက်ဆိုင်ရာက ပျက်စီးတဲ့ အခြေအနေအပေါ် မူတည်ပြီး ကူညီထောက်ပံ့ပေးတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တလအတွင်း ဧရာဝတီတိုင်းထဲက ငပုတော၊ ဒေးဒရဲ၊ သာပေါင်း၊ ဟင်္သာတ၊ ဝါးခယ်မ၊ လေးမျက်နှာ၊ ကျောင်းကုန်း စတဲ့မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် အများဆုံး ပျက်စီးဆုံးရှုံးခဲ့တာလို့ သိရပါတယ်။
သာပေါင်းဒေသခံတယောက်က “အိမ်က လေပြင်းတိုက်လို့ လုံးဝပြိုကျသွားတာ။ သက်ဆိုင်ရာက ကူညီပေးတာတော့ ရှိပါတယ်။ အိမ်အသစ် ပြန်ဆောက်ဖို့အထိတော့ မလုံလောက်ဘူးပေါ့။ လုံးဝပျက်စီးတဲ့ အိမ်က ၁ သိန်းပဲ ပေးတာလေ” လို့ ပြောပါတယ်။
လက်ရှိ လေဘေးသင့် ဒေသခံတွေက နေအိမ်တွေ ပျက်စီးခဲ့ရတာကြောင့် နီးစပ်ရာ ဆွေမျိုးတွေနဲ့ အသိမိတ်ဆွေတွေရဲ့ အိမ်တွေမှာ ယာယီပြောင်းရွှေ့နေကြသလို ယာယီတဲထိုးနေနေရသူတွေလည်း ရှိပြီး လေပြင်းဒဏ်ကြောင့် လူတွေ၊ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၁ လုံးအထိ ပျက်စီးခဲ့ပြီး ဓာတ်တိုင်တွေ လဲကျတာ၊ သစ်ပင်တွေ ကျိုးကျတာ၊ ကွမ်းခြံတွေ ပြိုကျတာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။