
လက်ဘနွန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်တဲ့ စစ်ဆင်ရေးတွေကို မလုပ်ဆောင်ဖို့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်ကို လက်ဘနွန်အစိုးရက သတိပေးထားကြောင်း ဘေရွတ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၁ ရက်မှာ ပြောကြား ခဲ့ပါတယ်။
ထိပ်တန်း ကာကွယ်ရေးကောင်စီ အတွင်းရေးမှူးချုပ် မိုဟာမက် အလ်-မူစတာဖှာက“လက်ဘနွန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ပြီး အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့ ဘယ်လုပ်ရပ်ကိုမဆို ပြတ်ပြတ်သားသား အဆုံးသတ်ပေးဖို့အတွက် အပြင်းထန်ဆုံးသော အစီအမံတွေနဲ့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်”လို့ သောကြာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
လက်ဘနွန်သမ္မတနိုင်ငံရဲ့ သမ္မတ ဂျိုးဇက်ဖှ်အောန်ဟာ လက်ဘနွန်ကို မတည်မငြိမ်ဖြစ်စေတဲ့ နေရာအဖြစ် ပြောင်းသွားနိုင်တဲ့ကိစ္စကို ပေါ့ပေါ့လျော့လျော့ သဘောမထားဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ပါလက်စတိုင်းဖြစ်ရပ်ရဲ့ အရေးပါမှုကို ထည့်သွင်းစဉ်းစားပြီး လက်ဘနွန်နိုင်ငံကို မလိုအပ်ဘဲ စစ်ပွဲတွေမှာ ပါဝင်ပတ်သက်မှု မရှိစေဖို့နဲ့ အန္တရာယ် မကျရောက် စေဖို့ တို့ကိုလည်း မှာကြားထားတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတွင်းရှိ လက်နက်ကိုင် မှန်သမျှ နိုင်ငံတော်ရဲ့အခွင့်အာဏာအောက်မှာသာ ရှိရမယ်လို့လည်း ပြောထားပါတယ်။
ဒါ့အပြင် နိုင်ငံတော် သဘောတူညီချက် စာတမ်းနဲ့ အစိုးရရဲ့ ၀န်ကြီးအဆင့် ကြေညာချက်ကို အကောင်အထည်ဖော်ရာမှာ ဝန်ကြီးချုပ် နာဝပ်ဖှ် ဆလမ်ကလည်း လက်ဘနွန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေမယ့် ဟားမာ့စ်နဲ့ တခြားအဖွဲ့ခွဲတွေကို တားဆီးဖို့ တရားမဝင် လက်နက်တွေကို လွှဲပြောင်းပေးဖို့ လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပြီး လက်ဘနွန်နိုင်ငံ ပိုင်နက်ရဲ့ ဂုဏ်သိက္ခာဟာ အရာအားလုံးထက် အရေးအကြီးဆုံးပဲ လို့ ပြောသွားကြောင်းလည်း မိုဟာမက် အလ်-မူစတာဖှာ က ထပ်ဆင့် ပြောကြားခဲ့ပါတယ်။
မနှစ်တုန်းက အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ်ရဲ့ မဟာမိတ် လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာ တို့အကြား စစ်ပွဲအပြီးမှာ လက်ဘနွန်ဟာ နိုင်ငံ ထိန်းချုပ်မှုပြင်ပရှိ စစ်သွေးကြွ အုပ်စုတွေကို လက်နက် ဖြုတ်သိမ်းဖို့ အမေရိကန်က ဖိအား တိုးပေးလာတာကြောင့် ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
အဲဒီပဋိပက္ခ အဆုံးသတ်သွားခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကနေ လက်ဘနွန်ရှိ လက်နက်ကိုင်အဖွဲ့ အားလုံးကို လက်နက်ဖြုတ်သိမ်းဖို့နဲ့ ခွင့်ပြုချက်မဲ့ စစ်ရေးအခြေခံအဆောက်အအုံတွေကို ဖျက်သိမ်းဖို့ လက်ဘနွန်ကို တောင်းဆိုခဲ့ပါတယ်။
Source:Reuters