
Duty free အခွန်ကောက်ခံမှုလွတ်တဲ့ တန်ဖိုးနည်းပါဆယ်တွေ အခွန်ကင်းလွတ်ခွင့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပိတ်ပင်ခဲ့တာကြောင့် တရုတ်အွန်လိုင်းလက်လီကုမ္ပဏီတွေဖြစ်တဲ့ Shein ၊ Temu တို့ရဲ့ အမေရိကန် ဖောက်သည်တွေ အတွက် ဈေးနှုန်းမြင့်တက်လာပါတယ်။
တရုတ် အွန်လိုင်းလက်ကားကုမ္ပဏီတွေဟာ တန်ဖိုးနည်းကုန်ပစ္စည်းတွေ အမေရိကန် တင်ပို့တဲ့ နေရာမှာ အခွန်ကင်းလွတ်ခွင့်ရထားတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ပုဂ္ဂိုလ်ရေးအသုံးပြုဖို့ ဒေါ်လာ ၈၀၀ အောက် တန်ဖိုးရှိတဲ့ ပါဆယ်မှာမယ်ဆိုရင် အခွန်ကောက်ခံမှု လွတ်ကင်းပြီး ဝယ်လက်တွေ ဆီကိုလည်း ပို့ပေးရတဲ့ လုပ်ငန်းဆောင်ရွက်ချက်လည်း မြန်ဆန်ပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ ထရမ့်ပ်နဲ့ သမ္မတဟောင်း ဘိုင်ဒင်တို့က ဒီလို ကင်းလွတ်ခွင့်ပေးတာဟာ အမေရိကန် စီးပွားရေးကို ထိခိုက်စေသလို မူးယစ်ဆေး အပါအဝင် တရားမဝင်ကုန်တွေကို မှောင်ခိုတင်သွင်းကြတယ်လို့ ပြောထားပါတယ်။
၁၉၃၈ ခုနှစ်က လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အမေရိကန်ရဲ့ ကုန်သွယ်မှုစည်းမျည်းအရ တန်ဖိုးနည်းကုန်ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။
၂၁ ရာစုမှာ ခေတ်နဲ့အညီ တန်ဖိုးသတ်မှတ်မှုအဖြစ် ဒေါ်လာ ၈၀၀ အောက် ကုန်ပစ္စည်းတွေကို သင်္ဘောနဲ့ ပါဆယ်ပေးပို့ရင် အခွန်ကင်းလွတ်ခွင့် ပြုထားတာဖြစ်ပါတယ်။
အမေရိကန်ကို ဒီလိုနည်းနဲ့ ဝင်ရောက်လာတဲ့ အခွန်လွတ်ပါဆယ်တွေဟာ ကုန်စည်ပို့ဆောင်တာတွေရဲ့ ၉၀ ရာခိုင်နှုန်း ကျော်လွန်တယ်လို့ အမေရိကန်အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး CBP က ဖော်ပြပါတယ်။
တရုတ်အွန်လိုင်းလက်လီကုမ္ပဏီတွေဖြစ်တဲ့ Shein၊ Temu တို့ဟာ အခွန်ကင်းလွတ်ခွင့်ကနေ ကြီးမားတဲ့ အကျိုးအမြတ်ရနေတာ ဖြစ်ပါတယ်။
လက်ရှိ အခွန်ကင်းလွတ်ခွင့်ပိတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Shein နဲ့ Temu တို့က မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့လကတော့ ကမ္ဘာ့ကုန်သွယ်မှု စည်းမျည်းတွေ၊ အခွန်တွေ ပြောင်းလဲမှုအပေါ် မူတည်ပြီး ဧပြီ ၂၅ ရက်က စတင်ကာ ဈေးနှုန်းချိန်ညှိမယ်လို့ Shein နဲ့ Temu က ပြောဆိုထားတာရှိပါတယ်။
Source: Reuters