
စစ်ကောင်စီက ဘိလပ်မြေတအိပ် ကျပ် ၁၇,၀၀၀ နဲ့ ရောင်းချရမယ်လို့ ပြောဆိုခဲ့ပေမဲ့ အင်အားပြင်းငလျင် လှုပ်ခဲ့ပြီးနောက် တလကျော်လာချိန် ဧရာဝတီတိုင်း အပါအဝင် ဒေသအများစုမှာ ဘိလပ်မြေအိတ်ကို ကျပ် ၅၀,၀၀၀ နဲ့ ဝယ်ယူနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသား သဘာဝဘေး စီမံခန့်ခွဲရေး အစည်းအဝေးမှာ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဘိလပ်မြေတအိတ် ငွေကျပ် ၁၇,၀၀၀ နဲ့ ရောင်းချပေးရမယ်လို့ သက်ဆိုင်ရာ ဘိလပ်မြေစက်ရုံတွေကို ဈေးနှုန်းသတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့တာဖြစ်ပေမဲ့ မအူပင်မြို့ အပါအဝင် တကယ့် မြေပြင်ဈေးကွက်မှာ မေ ၂ ရက်အထိ ဘိလပ်မြေတအိတ် ကျပ် ၅၀,၀၀၀ ဈေးနဲ့ ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ မအူပင်ဒေသခံတယောက်က “ဘိလပ်မြေဈေးက တရိပ်ရိပ် ထိုးတက်လာတာ။ အခု အရည်အသွေးမြင့် ဘိလပ်မြေတအိတ် ၅၀,၀၀၀ အထိ ဖြစ်လာတယ်။ စစ်ကောင်စီကပြောတဲ့ဈေးနဲ့ ဘယ်နေရာမှာမှ မရပါဘူးနော်။ စိတ်ကူးယဉ်ဈေးပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်းက ဘိလပ်မြေဈေးနှုန်းတွေ ပြန်လည်ကျဆင်းမှုရှိခဲ့ပြီး မတ် ၂၈ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ဧပြီလ ပထမအပတ်မှာ ဘိလပ်မြေတအိတ် ကျပ် ၃၅,၀၀၀၊ ဒုတိယအပတ်မှာ ကျပ် ၄၀,၀၀၀ တတိယအပတ်ကနေ လက်ရှိအချိန်အထိ ကျပ် ၅၀,၀၀၀ အထိ ဘိလပ်မြေဈေးနှုန်းတွေ သိသိသာသာ ထိုးတက်လာတာလို့ ဆိုပါတယ်။
ဆောက်လုပ်ရေးလုပ်သား ခေါင်းဆောင်တယောက်က “အပြီးသတ်ပေးရမယ့် လုပ်ငန်းတွေတောင် ရပ်ထားရတယ်။ လုပ်ငန်းရှင်ကြီးတွေဘက်က ရပ်ဖို့ပြောထားတာ။ ကိုယ်တွေက လုပ်ငန်း ဘယ်ရပ်ချင်ပါ့မလဲ။ ကျနော့်ဆိုက်မှာပဲ အလုပ်နားနေရတာ ဆောက်လုပ်ရေးလုပ်သား ၁၀၀ ကျော်ရှိတယ်၊ တလကျော်လာပြီ” လို့ ပြောပါတယ်။
ဘိလပ်မြေတအိတ် အမြင့်ဆုံးဈေး ကျပ် ၅၀,၀၀၀ နဲ့ ဝယ်ယူရပေမဲ့ ဈေးကွက်ထဲမှာ ကုန်ပစ္စည်းပြတ်လပ်ကာ လိုသလောက်မရတဲ့အထိ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဘိလပ်မြေတွေကို သူတို့သတ်မှတ်ထားတဲ့ ကျပ် ၁၇,၀၀၀ ဈေးနှုန်းထက် ကျော်လွန်ရောင်းချတဲ့ အရောင်းဆိုင် ၆၂ ဆိုင်နဲ့ ဆိုင်ပိုင်ရှင် ၈ ယောက်ကို အမှုဖွင့်ထားတယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ဒုတိယအပတ်မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဘိလပ်မြေနဲ့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်က “လုပ်ငန်းရှင်တွေကို ဖမ်းတာက၊ အဲလိုလုပ်တာက အကျိုး လုံးဝမဖြစ်ပါဘူး။ ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းနိုင်မှ အဆင်ပြေမှာ။ ဘာလို့ဆိုတော့ ဈေးကွက်ထဲမှာကို ဘိလပ်မြေက ပြတ်လပ်နေတာ။ အိတ် ၁၀၀ လိုချင်သူ ၃၀ လောက်ပဲ ရောင်းနေရတာ” လို့ ပြောပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်းငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံရှိ ဘိလပ်မြေစက်ရုံတွေ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့လို့ လက်ရှိ နိုင်ငံတဝန်းက ဘိလပ်မြေစက်ရုံ ၉ ခုရှိတဲ့အထဲမှာ ဘိလပ်မြေစက်ရုံ ၆ ခုသာ လည်ပတ်နိုင်သေးတယ်လို့ သိရပြီး တရက်ကို ဘိလပ်မြေ အိတ် ၃၄၂,၀၀၀ သာ ထုတ်လုပ်နိုင်သေးတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ဒုတိယအပတ်က စစ်ကောင်စီတပ်ပါတဲ့ ပူးပေါင်းစစ်ဆေးရေး အဖွဲ့တွေက ရန်ကုန်တိုင်း မြို့နယ်တချို့က ဘိလပ်မြေနဲ့ အိမ်ဆောက်ပစ္စည်း အရောင်းတွေနဲ့ ဧရာဝတီတိုင်းက ဘိလပ်မြေနဲ့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်တွေကို ဈေးတင်မရောင်းဖို့နဲ့ ကုန်ပစ္စည်း မပြတ်လပ်စေဖို့ စစ်ဆေးသတိပေးတာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။