
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီတပ်သားတယောက် သတ်သေခဲ့ကာ အလောင်းသယ်ဖို့ ထွက်လာတဲ့ ပျူစောထီးအဖွဲ့လည်း မိုင်းဆွဲခံရပြီး ပျူခေါင်းဆောင်တယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
ဧပြီ ၃ဝ ရက် ညနေ ၆ နာရီခွဲခန့်က ဝါရစ်ကျေးရွာကို ရောက်နေတဲ့ စစ်ကောင်စီတပ်သားတယောက် သတ်သေခဲ့တယ်လို့ သိရပြီး အလောင်းကိုသယ်ဖို့ မောင်းလှော်ကျေးရွာက ထွက်လာတဲ့ ပျူစောထီးအဖွဲ့ကို ပြင်ဝန်းကျေးရွာ ရေတံခွန်အနီးမှာ တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ပျူစောထီးတွေက အရပ်သားကားတစီးကို ချောဆွဲလာတယ်လို့ သိရပြီး မိုင်းဆွဲခံရတာကြောင့် ကားထိခိုက်ပျက်စီးခဲ့ကာ ပျူခေါင်းဆောင် ထွန်းဝေ ဆိုသူကတော့ နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဒီပျူစောထီးတွေက အရပ်သားကား အတင်းချောဆွဲပြီး ခေါ်ဆောင်သွားတာပါ။ ၇ ယောက်၊ ၈ ယောက်လောက် ရှိမယ်။ ကားသမားတွေ ကားရပ်ပြီး ကြောက်ကြောက်နဲ့ထွက်ပြေးတာ ရွာအရောက်ပဲ။ သူ့မှာလည်း ထိခိုက်မှုတော့ရှိတယ်၊ အသက်အန္တရာယ်မရှိဘူး၊ အခုထိ ကားသမားတော့ ကြောက်လန့်နေတုန်းပဲ။”
မိုင်းဆွဲတိုက်ခိုက်တဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျွန်းစုမြို့နယ် ပကဖအဖွဲ့ကို DVB က ဆက်သွယ်မေးမြန်းခဲ့ပြီး ကျွန်းစုမြို့နယ် ပကဖအဖွဲ့ဘက်က လောလောဆယ် အတည်ပြု မထုတ်ပြန်သေးတဲ့အတွက် စောင့်ဆိုင်းပေးဖို့ ပြောပါတယ်။
ဧပြီ ၁၆ ရက် မနက်ပိုင်းကလည်း တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုကျေးရွာမှာ စခန်းချထားတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အင်အားသုံး တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးခေါင်းဆောင်တယောက် သေဆုံးကာ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။