DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အလုပ်သမားနေ့တွင်  AAC အလုပ်သမားစောင့်ရှောက်ရေးရုံး ဖြိုချခံရ
DVB
·
May 1, 2025
ကမ္ဘာ့အလုပ်သမားနေ့တွင်  AAC အလုပ်သမားစောင့်ရှောက်ရေးရုံး ဖြိုချခံရ
Donate to DVB

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီ စောင့်ရှောက်ပေးနေတဲ့ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်အခြေစိုက် လက်တွဲကူညီ AAC မဟာမိတ် အလုပ်သမား ဂေဟာကို မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြေပိုင်ရှင်က လာရောက် ဖြိုဖျက်ခိုင်းတယ်လို့ AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။

AAC အလုပ်သမားစောင့်ရှောက်ရေး ဂေဟာကို ထိုင်းအာဏာပိုင်တွေ အမိန့်နဲ့ လာရောက်ဖြိုတာ မဟုတ်ဘဲ မြေပိုင်ရှင် အမိန့်နဲ့ လာဖြိုတာဖြစ်ကြောင်း၊ AAC အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။

AAC အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက “ဒီကနေ့ ကျနော်တို့ AAC အဆောက်အဦကို လာဖြိုတယ်။ လာဖြိုတော့ ဘယ်သူ့အမိန့်နဲ့ ဖြိုတာလဲ မေးတော့ မြေပိုင်ရှင် အမိန့်နဲ့ ဖြိုတာတဲ့။ မြေပိုင်ရှင် အမိန့်နဲ့ မဖြိုချင်ဘူး။ သက်ဆိုင်ရာဌာနနဲ့ဆို ဖြိုတာ လက်ခံတယ်။ မြေပိုင်ရှင်နဲ့မှာ ကျနော် စာချုပ် ကျန်သေးတယ်။ တနှစ်ကျန်သေးတယ်။ ထိုင်းအာဏာပိုင်တွေ လာတားတုန်းက ကျနော်က အယူခံ ဝင်ထားတယ်။ အယူခံဝင်ထားတော့ မြေပိုင်ရှင်ကလည်း စာချုပ်မှာ လက်မှတ် ထိုးပေးထားတယ်။ ကျနော်တားတော့ တပိုင်းတော့ ဖြိုသွားတယ်ဗျ။ လက်ရှိ တားထားတယ်။ နောက်တပတ်မှ လာဖြိုဖို့ ပြောထားတယ်”လို့ ပြောပါတယ်။

AAC မဟာမိတ်ရုံးကို ထိုင်းဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တရားဝင် အသင်းပင်း ဖွဲ့စည်းခွင့် မရှိတာကြောင့်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းကစပြီး ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီး ချိတ်ပိတ်ကာ ပိတ်သိမ်းဖို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

“ကျနော့် အဆောက်အုံကြီးက မှားနေတယ်ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက လာတားသင့်တာပေါ့။ လူသိရှင်ကြား သိထားတဲ့ အဆောက်အအုံကြီးကို ဒီနေ့ကျမှ ဘာလို့ လာဖျက်ရတာလဲ။ ထိုင်းနိုင်ငံမှာက အလုပ်ရှင်၊ အလုပ်သမား ပြဿနာတက်ရင် နစ်နာတဲ့ ငွေကြေး၊ လုပ်အားခမရလို့ နစ်နာတဲ့ လုပ်အားခတွေ ပြန်တောင်းဖို့က အခုလို အခမဲ့ ကျွေးတဲ့နေရာရှိမှ တရားရုံးတွေဘာတွေ အချိန်မီ သွားနိုင်တာ။ အဲဒါ စိတ်မကောင်းခြင်းဖြစ်တာ။ ကျနော်တို့ ဂေဟာ မရှိရင် အဲ့လို အလုပ်သမားတွေ အများကြီး ဆုံးရှုံးသွားနိုင်တယ်”လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးက DVB ကို ပြောပါတယ်။

အခုလို ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့မှာမှ အလုပ်သမားတွေကို စောင့်ရှောက်ပေးနေတဲ့ ဂေဟာကို လာဖြိုဖျက်တာကြောင့် အရမ်း စိတ်မကောင်းဖြစ်ရကြောင်း၊ အထူးသဖြင့် ထိုင်းရောက် မြန်မာလုပ်သားတွေ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့အခါ သက်ဆိုင်ရာကို တိုင်ကြားစဉ် စောင့်ရှောက်ပေးဖို့ အခမဲ့ ကျွေးမွေးနေတဲ့ ဂေဟာကို ဖြိုဖျက်လိုက်ရတာကြောင့် စိတ်မကောင်းကြောင်း ဦးခိုင်ကြီးက ပြောပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013