DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်ခ တရက် ကျပ် ၂၀,၀၀၀ သတ်မှတ်ပေးရန် မေဒေးနေ့တွင်  တောင်းဆို
DVB
·
May 1, 2025
အနိမ့်ဆုံးလုပ်ခ တရက် ကျပ် ၂၀,၀၀၀ သတ်မှတ်ပေးရန် မေဒေးနေ့တွင်  တောင်းဆို
Donate to DVB

မြန်မာပြည်တွင်း အနိမ့်ဆုံးလုပ်အားက အခကြေးငွေနှုန်းထားကို တရက် ကျပ် ၂၀၀၀၀ အထိ တိုးမြှင့်သတ်မှတ်ပေးဖို့  ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) မှာ အလုပ်သမားအဖွဲ့တချို့က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)ရဲ့ မေဒေးနေ့ ကြေညာချက်မှာ ​ အလုပ်သမားတွေကို အချိန်ပိုလုပ်အားမပါဘဲ အလုပ်ချိန် ၈ နာရီအတွက် ဖူလုံသော လုပ်အား လစာ အနည်းဆုံးအခကြေးငွေ  ၂၀၀၀၀ ကျပ်ပေးဖို့ ထည့်သွင်းတောင်းဆိုခဲ့တာပါ။

အလုပ်သမားတွေရဲ့လုပ်အားပေါ်မှီတည်ပြီး အမြတ်အစွန်းရရှိနေတဲ့ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းအပ်နှံတဲ့ နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေကို တောင်းဆိုထားတာပါ။

မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် လက်ရှိ ရရှိနေတဲ့ အနည်းဆုံးလုပ်ခ နှုန်းထားမှာ မလုံလောက်လို့ တိုးမြှင့်ပေးဖို့ လိုအပ်နေတယ်ဆိုပြီး သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ မေဒေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ ရှင်သန်စရိတ် လုပ်ခလစာစာတမ်းမှာ ဖော်ပြထား ပါတယ်။

အဲဒီစာတမ်းအတွက်စစ်တမ်းကောက်ယူရာမှာဖြေဆိုသူ ၅၇ ရာခိုင်နူန်းက တနေ့လုပ်အားခ ကျပ် ၁၂၀၀၁ ကျပ် ကနေ ကျပ် ၁၇၀၀၀ အတွင်းရရင်လုံလောက်ကြောင်း အများဆုံးဖြေထားတယ်လို့ ဖော်ပြပါတယ်။

ဆက်လက်ပြီး တနေ့လုပ်ခ ၁၇,၀၀၁ ကျပ်ကနေ ၂၂,၀၀၀ ကျပ် ရရင် လုံလောက်တယ်ဆိုပြီး ဖြေဆိုသူ ၂၃ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံး ရပ်တည်နေတယ်လို့လည်း ဆိုပါတယ်။

အဲဒီစစ်တမ်းကို ရန်ကုန်တိုင်းအတွင်းက အလုပ်သမား ၄၀၀ နီးပါးဆီက ကောက်ယူခဲ့တာဖြစ်ပြီး ဖြေဆိုသူ ၆၂ ရာခိုင်နှုန်းမှာ တလဝင်ငွေ ၂၀၀,၀၀၁ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်အတွင်း ရရှိသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

STUM တာဝန်ရှိသူတယောက်က “အလုပ်သမားတွေအတွက် ဖူလုံပြီး ထိုက်သင့်တဲ့ လုပ်အားခ ရရှိရေးက အရေးပါတဲ့ကဏ္ဍအနေနဲ့ ရှိနေတာ”လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့ အနည်းဆုံး အခကြေးငွေ တရက်လုပ်ခမှာ ၄,၈၀၀ ကျပ် ဖြစ်ပြီး အဲဒီနှုန်းထားကို ၂၀၁၈ ကတည်းက သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အနည်းဆုံး အခကြေးငွေနှုန်းထားကို ၂ နှစ်မှာ တကြိမ် ပြောင်းလဲပြင်ဆင် သတ်မှတ်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းခဲ့ပေမဲ့ ၄,၈၀၀ ကျပ်မှာ ပြောင်းလဲမှုမရှိခဲ့ဘဲ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ အောက်တိုဘာနဲ့ ၂၀၂၄ သြဂုတ်လတို့မှာ ထောက်ပံ့ကြေးကျပ် ၁၀၀၀ စီ တိုးပေးဖို့ သတ်မှတ်ပေးခဲ့ပါတယ်။

အဲဒီလို တိုးပေးလိုက်တဲ့ ထောက်ပံ့ကြေးမှာ အနည်းဆုံး အခကြေးငွေ နှုန်းထားအသစ် မဟုတ်တာကြောင့် အချိန်ပိုကြေး တွက်ချက်ချိန်နဲ့ ပိတ်ရက်တွေမှာ ခံစားခွင့်မရသလို လုံလောက်တဲ့ပမာဏ ဖြစ်မနေဘူးလို့လည်း အလုပ်သမားတွေက ဆိုပါတယ်။

လှိုင်သာယာမြို့နယ်မှ စက်ရုံလုပ်သားတယောက်က “အချိန်ပိုကြေးမပါတဲ့ တနေ့ လုပ်ခ လုံလောက်မှုရှိဖို့က အရေးကြီးတယ်။ အခြေခံလုပ်ခက မလောက်ငတော့ အလုပ်သမားတွေက အချိန်ပိုတွေ မတန်တဆ ဆင်းပြီး လုပ်အားညှစ်ထုတ်နေရတာ မဖြစ်သင့်ဘူး” လို့ ပြောပါတယ်။

ပြည်တွင်းက အလုပ်သမားတွေအနေနဲ့ ဖူလုံတဲ့လုပ်ခ ရရှိရေး အစဥ်တစိုက် တောင်းဆိုတာတွေ ရှိခဲ့ပေမဲ့ အခုအချိန်အထိ ရရှိတာမရှိသလို တောင်းဆိုတဲ့ အလုပ်သမားတွေကို တရားစွဲတာ၊ အလုပ်က ထုတ်တာမျိုးတွေ ကြုံတွေ့နေရတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013