Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက်  ထင်းရှူးပင် ဆေးဖက်ဝင်
DVB
·
April 30, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက်   ထင်းရှူးပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ထင်းရှူးပင်ကို သိပ္ပံလို Pinus လို့ခေါ်ပြီး အင်္ဂလိပ်လို  pine ခေါ်ပါတယ်။

ထင်းရှူးပင် အခေါက်မှာ Turpentine ၊ pinene၊ abietic acid နဲ့ oleoresin မှ မရှိမဖြစ် လိုအပ်တဲ့ဆီမှာ alpha,beta-pinene၊carene,longifoline, flavonoid ,Phenolic acid, Catechins, ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဘက်တီးရီးယား ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး၊ ရောင်ရမ်းမှု ဆန့်ကျင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ခန္ဓာကိုယ်က ဗီတာမင် C ကို ပြန်ထုတ်ပေးခြင်း၊ အတွင်းတိမ်ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊ နှလုံးကျန်းမာရေးနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ သွေးကြော ရောင်ရမ်းခြင်းကို လျှော့ချပေးခြင်း၊ သွေးခဲခြင်းကို ဆန့်ကျင်ခြင်း၊  ဓာတ်မတည့်ခြင်းနဲ့ အဆုတ်ရောဂါတို့ကို ကာကွယ်ပေးခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာများကို လျှော့ချပေးခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်းကို လျော့နည်းစေခြင်း၊ ရာသီမမှန်ခြင်းကို လျော့နည်းစေခြင်း၊ မှတ်ဉာဏ်လုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်း၊ သုက်ပိုးအရည်အသွေးကို မြှင့်တင်ပေးခြင်း၊ ခုခံအားစနစ်၏ လုပ်ဆောင်မှုကို တိုးတက်စေခြင်း၊ အနာကျက်စေခြင်း၊ ဆီးရွှင်စေခြင်း၊ ဒဏ်ရာနဲ့အမာရွတ်များကို သက်သာပျောက်ကင်းစေခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ထင်းရှူးပင်ရဲ့ အခေါက်၊ အရွက်နဲ့ ထင်းရှူးဆီတို့ကို သုံးစွဲကြပါတယ်။

ထင်းရှူးပင်အခေါက်ဟာ ခန္ဓာကိုယ်တွင်း ဗီတာမင်စီကို ပြန်လည်ထုတ်ပေးရာမှာ ကူညီပေးပြီး ဗီတာမင်စီ ချို့တဲ့မှုကို ကာကွယ်ပေးတာကြောင့် ထင်းရှူးခေါက်မှုန့် ကော်ဖီ၁ ဇွန်းကို တနေ့  ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သွားဖုံးသွေးထွက်ခြင်း၊ ပွန်းပဲ့လွယ်ခြင်း၊ အနာကျက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အထွေထွေအားနည်းခြင်းတို့ ကို လျော့ပါးစေပါတယ်။

ထင်းရှူးပင် အခေါက်မှာ ပါဝင်တဲ့ ဓာတ်တိုးဂုဏ်သတ္တိများက မျက်လုံး အတွင်းတိမ်ဖြစ်ပေါ်ခြင်းကို ဟန့်တားပေးပါတယ်။

ထင်းရှူးအခေါက်မှ ထုတ်ယူရရှိတဲ့ ဓာတ်ပေါင်းများဟာ ကောင်းတဲ့ သွေးတွင်းအဆီ(HDL) ကို မြင့်တက်စေကာ သွေးလွှတ်ကြောများကို ပိတ်ဆို့စေတဲ့ မကောင်းတဲ့ သွေးတွင်းအဆီ (LDL) ကို လျှော့ချပေးပါတယ်။ နာတာရှည်ရောင်ရမ်းမှုကို လျှော့ချပေးပြီး သွေးဥမွှားများ ကပ်ခြင်းမှ ကာကွယ်ပေးကာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ထင်းရှူးအခေါက်မှာ ပါဝင်တဲ့ Pycnogenolက သွေးလည်ပတ်မှုကို အထောက်အကူပြုတဲ့ ခန္ဓာကိုယ်မှ နိုက်ထရစ်အောက်ဆိုဒ် ဓာတုပစ္စည်းများကို ထုတ်လုပ်ရာမှာလည်း ကူညီပေးပါတယ်။ နိုက်ထရစ်အောက်ဆိုဒ်က သွေးကြောတွေကို ဖြေလျှော့ပေးတဲ့အတွက် သွေးဖိအားကို လျှော့ချပေးနိုင်ပါတယ်။ သွေးကြောများ တင်းမာမှုကို လျှော့ချပေးတာကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီး သွေးပေါင်ချိန်ကို ကောင်းမွန်စေပါတယ်။ ထင်းရှူးခေါက်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်း နဲ့ တနေ့ ၁-၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ထင်းရှူးအခေါက်မှုန့် ကော်ဖီ ၁ ကို နှမ်းဆီ ပျားရည် ကော်ဖီ ၁ဇွန်းစီဖြင့် ညအိပ်ချိန် ပုံမှန် သောက်သုံးပေးခြင်းဖြင့် မှတ်ဉာဏ်တိုးတက်စေပြီး မှတ်ဉာဏ်ပျောက်ဆုံးခြင်းမှ ကာကွယ်ပေးပါတယ်။ ထင်းရှူးအခေါက်ဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပိုးမွှားတွေကို ကာကွယ်ရုံသာမက autoimmune ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

ထင်းရှူးအခေါက်မှာ ပါဝင်တဲ့ Pycnogenol နဲ့ L-arginineဓာတ်ပေါင်းများက  သုက်ပိုးအရည်အသွေးကို မြှင့်တင်ပေးနိုင်တာကြောင့် ထင်းရှူးခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို နွားနို့တခွက်နဲ့ ညအိပ်ရာဝင်ချိန် သောက်ပေးခြင်းဖြင့် အမျိုးသားများ လိင်စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေပြီး မျိုးပွားခြင်းကို အထောက်အကူပြုပါတယ်။

ထင်းရှူးခေါက်မှာ ပါဝင်တဲ့ ပြင်းထန်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ပြီး မျက်နှာကို လိမ်းပေးခြင်းဖြင့် ကော်လာဂျင်နဲ့ elastic တစ်သျှူးများကို oxidative ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြား အမည်းစက်များနဲ့ ပုံမှန်မဟုတ်တဲ့ အရေပြားရောင်ခြယ် အစက်အပြောက်များကို ဟန့်တားပေးကာ အိုမင်းရင့်ရော်ခြင်းကို လျှော့ချပေးပါတယ်။

ဆီးချိုရောဂါ ရောဂါဝေဒနာရှင်များ ထင်းရှူးအခေါက်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို သွေးတွင်း သကြားပမာဏ အနိမ့် အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ထင်းရှူးခေါက်ဟာ ပြင်းထန်တဲ့ ရောင်ရမ်းမှု တိုက်ဖျက်ရေး၊ ဇီဝပိုးသတ်ဆေးနဲ့ ပန်းနာရင်ကျပ် ဆန့်ကျင်ခြင်း ဂုဏ်သတ္တိများ ရှိတာကြောင့် သာမန် အအေးမိခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း ပန်းနာရင်ကျပ် စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ အခေါက်အမှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို ချင်းမှုန့် ကော်ဖီဇွန်းဝက် ပျားရည် ကော်ဖီ ၁ ဇွန်း တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းက ရင်ဘတ်နဲ့ နှာခေါင်းအတွင်းရှိ အညစ်အကြေးများကို ပြေလျော့စေကာ ချွဲသလိပ်များကို ဖယ်ရှားရာမှာ ကူညီပေးပြီး အသက်ရှူခက်ခဲခြင်းကို သက်သာစေပါတယ်။

ထင်းရှူးခေါက်ဟာ ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိပြီး ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်းနဲ့ နာကျင်မှုကို သက်သာစေပါတဲ့ ဂုဏ်သတ္တိများ ကြွယ်ဝတာကြောင့် အဆစ်အမြစ် ရောင်ရမ်းခြင်းနဲ့ အဆစ်နာခြင်းများမှာ ထင်းရှူးခေါက်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို ရေနွေး ပူပူနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပးနိုင်ပါတယ်။ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ လုပ်ဆောင်ချက်ကြောင့် ထင်းရှူးအခေါက်ဟာ အဆစ်များ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကို လျော့ကျစေပါတယ်။ ကြွက်သားကျုံ့ခြင်း၊ ကြွက်သားများ ညောင်းညာခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း လက္ခဏာများကို အရွက်သတ္တုရည်ကို ကိုက်ခဲတဲ့နေရာကို လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

အစာအိမ်အတွင်းရှိ အက်ဆစ်များ အလွန်အကျွံ ဖြစ်ပေါ်ခြင်းကို တားဆီးပေးတာကြောင့် အစာမကြေခြင်း၊ အစာအိမ်နာ၊ အစာအိမ်ရောင်ခြင်းတို့ကို ကုသပေးပြီး ခန္ဓာကိုယ်အတွင်းရှိ အာဟာရဓာတ်များကို စုပ်ယူမှုကို ပိုမိုကောင်းမွန်စေပါတဲ့အပြင် ဝမ်းချုပ်ခြင်းနဲ့ ဝမ်းဗိုက် တင်းခြင်းတို့ကို လျှော့ချပေးပါတယ်။ အစာမကြေခြင်းအတွက် အခေါက်မှုန့် ကော်ဖီ ၂ ဇွန်းကို ငရုတ်ကောင်းမှုန့် ကော်ဖီဇွန်းဝက်ခန့် ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကို တားဆီးပေးတာကြောင့် လိပ်ခေါင်းဖြစ်ပေါ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ထင်းရှူးပင်မှာ ပါဝင်တဲ့ ဇီဝဓာတုဒြပ်ပေါင်းများဟာ ဒဏ်ရာများကို သန့်စင်ပေးပြီး တစ်သျှူးများ ပြန်လည်ရှင်သန်ခြင်းကို မြှင့်တင်ပေးတာကြောင့် ဒဏ်ရာများကို သက်သာပျောက်ကင်းစေပါတဲ့အပြင် ရောဂါပိုးမွှားများ ကြီးထွားမှုကိုလည်း တားဆီးပေးတာကြောင့် အနာနေရာမှာ ပိုးဝင်နိုင်ခြေကို လျှော့ချပေးပါတယ်။ဒဏ်ရာနဲ့ အနာများမှာ ထင်းရှူးခေါက်၊ ထင်းရှူးဆီခဲ တို့ကို သွေးပြီး လိမ်းကျံပေးနိုင်ပါတယ်။ ထင်းရှူးဆီကို အနာများကို သန့်စင်ရန်အတွက် အသုံးပြုပြီး ရောင်ရမ်းမှုဖြစ်ပွားတဲ့ နေရာကို လိမ်းပေးနိုင်ပါတယ်။ ထင်းရှူးဆီကို နှမ်းဆီနဲ့ ချက်ပြီး ရောင်ရမ်းနာကျင်ခြင်းများမှာ  လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ နားအူ နားကိုက် ပြဿနာများမှာ နားတွင်း အစက်ချဆေးအဖြစ်လည်း သုံးစွဲနိုင်ပါတယ်။

အူလမ်းကြောင်း သန်ကောင် တုတ်ကောင် ကပ်ပါးပိုးရောဂါများမှာ ထင်းရှူးခေါက်မှုန့် တခါသောက် ကော်ဖီဇွန်း၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်း နဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

အဖျားရောဂါမှာ အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ထင်းရှူးခေါက်ကို ရေမှာ တည စိမ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ အမျိုးသမီးများ မီးယပ်ဖြူဆင်းခြင်းအတွက်လည်း သကြားကော်ဖီ ၁ ဇွန်းထည့်ပြီး သောက်ပေးနိုင်ပါတယ်။

လတ်ဆတ်တဲ့ အရွက် ကော်ဖီဇွန်း၂ ဇွန်းကို ရေနွေးပူပူ ၁ ခွက်မှာ မိနစ်အနည်းငယ်လောက် စိမ်ထားပြီး အရည်ကို စစ်ကာ ပျားရည် ကော်ဖီ ၁ ဇွန်းထည့်ပြီး ပုံမှန် သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံအားကို မြင့်တက်စေကာ အထွေထွေ ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

ထင်းရှူးအခေါက်ကို အသင့်အတင့် သုံးစွဲတာက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းက ပျို့အန်ခြင်းနဲ့ အခြားအစာအိမ်ပြဿနာများအပါအဝင် မူးဝေခြင်း၊ စိတ်တိုခြင်းနဲ့ သွေးခဲစေတဲ့ ဆေးများကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး သွေးယိုစီးခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ၊ သားသမီး ရယူလိုသူ မိခင်လောင်းများနဲ့ ထင်းရှူးဆီနဲ့ ဓာတ်မတည့်သူများ ထင်းရှူးပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။

နွေဦးပြည်သူများ ထင်းရှူးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024