
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို ကစားနေတဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ အာရှ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။
ဧပြီ ၂၇ ရက်က ကစားခဲ့တဲ့ ဂျပန်ကလပ် ယိုကိုဟားမားမာရီနိုစ်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အယ်လ်နာဆာအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တာပါ။
အဲဒီပွဲစဉ်မှာ ဗီလာတိုက်စစ်မှူး ဂျွန်ဒူရမ်က ၂ ဂိုး စီရော်နယ်ဒိုနဲ့ မာနေးတို့က ၁ ဂိုးစီ သွင်းယူခဲ့ကြတာပါ။
ဆီမီးဖိုင်နယ်ပွဲစဉ်ကို လာမယ့် ဧပြီ ၃၀ ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဂျပန်ကလပ် ကာဝါဆာကီနဲ့ ကာတာကလပ် အယ်လ်ဆတ်အသင်းတို့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ် ကစားသွားရမှာပါ။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ်ဆုဖလား တကြိမ်မှ ရယူနိုင်ခြင်းမရှိ သေးဘဲ ၁၉၉၅-၉၆ ရာသီက ဒုတိယဆု ရယူနိုင်ခဲ့တာက အမြင့်ဆုံးအောင်မြင်မှု ဖြစ်ပါတယ်။
တဖက် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဆော်ဒီကလပ် ၂ သင်းဖြစ်တဲ့ အယ်လ်ဟီလယ်နဲ့ အယ်လ်အာလီ တို့ တွေ့ဆုံနေပါတယ်။