မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ဧပြီ ၂၂ ရက်နေ့ကစတင်ပြီး ကျေးရွာတွေက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ဒေသခံတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “တင့်ကား ၃ စီး၊ စစ်ကား ၃ စီးနဲ့ စစ်သား၊ ရဲနဲ့ပျူ အင်အား ၆၀ ကျော်လောက်က ကြအိုရွာနဲ့ မြေသန့်တောင်ရွာထဲမှာ ၂ ရက်လောက် တပ်စွဲပြီးတော့ ပြည်သူပိုင်အိမ်တွေထဲကနေ သူတို့လိုချင်တာ သယ်ယူသွားကြတယ်။ ပြန်ခါနီးမှာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး သွားကြတာဖြစ်တယ်။ အဲဒီရွာတွေမှာရှိတဲ့ ပြည်သူ ၂,၀၀၀ လောက်က အရင်ရက်ပိုင်းက ဗုံးကြဲခံရလို့ ပြေးနေကြတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကြအိုကျေးရွာက လူနေအိမ် ၁ လုံးနဲ့ မြေသန့်တောင်ကျေးရွာက လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ညောင်ဦး ပကဖ တပ်ဖွဲ့ဝင်တယောက်က “ညောင်ဦးဘက်ကကောင်တွေလို့သိရတယ်။ ရွာကို ဓားပြတိုက်၊ အနုကြမ်းစီးတဲ့ပုံစံမျိုးနဲ့ဝင်စီးသွားတယ်။ ၁ ညအိပ်တပ်စွဲပြီးတော့ ပြည်သူပိုင်နွားတွေ၊ ဝက်တွေနဲ့ ပရိဘောဂပစ္စည်းတွေကအစ စစ်သားတွေနဲ့သယ်သွားကြတယ်။ ပြည်သူဖမ်းဆီးခံရတာလည်း မရှိဘူးလို့သိရတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဧပြီ ၂၂ ရက်နေ့ညနေပိုင်းမှာ ကျေးရွာတွေကို ဝင်ရောက်လာကြတာဖြစ်ပြီး ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းမှာတော့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ညောင်ဦးမြို့ဘက်ကို ပြန်ထွက်ချိန် တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကလည်း ညောင်ဦးမြို့နယ်ထဲက မီးလောင်ဖျား(မြောက်)ကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ဆိုင်ကယ် ၁၀ စီးထက်မနည်း ယူဆောင်သွားခဲ့ကြသေးသလို လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် လူနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီး ခဲ့ရသေးတယ်လို့ ပြည်သူတွေကိုကူညီဆောင်ရွက်ပေးနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။