ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်အဖွဲ့အစည်းနဲ့ လူငယ်ဂီတအဖွဲ့တွေက ဦးဆောင်ပြီး မြန်မာနိုင်ငံက ငလျင်သင့် ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ “MYANMAR AFTERSHOCK FUNDRAISER CONCERT” ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ဧပြီ ၂၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီရန်ပုံငွေ ဂီတပွဲမှာ ပါဝင်ဖျော်ဖြေခဲ့တဲ့ အဆိုတော် Kan Kyi က“ကျနော်တို့ရဲ့ နှလုံးသားတွေက ပြည်တွင်းမှာ စစ်ဘေးဒုက္ခကို ခံစားနေရသူတွေနဲ့ တသားတည်းရှိပါတယ်။ ဒီလို ကြုံတွေ့နေရတဲ့ ပြည်သူတွေဟာ ဒီလို ဆိုးရွားလှတဲ့ ငလျင်ဒဏ်ကို ခံစားခဲ့ရတယ်ဗျာ။ လူသားတွေဖန်တီးတဲ့ အကြမ်းဖက်မှုဒဏ်နဲ့ တပြိုင်တည်း သဘာဝကပ်ဘေးကို ခံခဲ့ကြရတာဗျာ။ ဒီတော့ ကျနော့်မှာ ရှိသမျှ တတ်နိုင်စွမ်းအားနဲ့ အသံတွေ ထုတ်ဖော်မယ်၊ မေတ္တာနဲ့ ထောက်ပံ့မှုတွေ၊ ငွေကြေးရန်ပုံငွေရှာတာတွေ ကျနော်တို့ လုပ်နိုင်သမျှပေါ့ဗျာ ဒါတွေ အကုန်လုပ်သွားပါမယ်”လို့ ပြောပါတယ်။
ဒီရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှာ ထိုင်းနိုင်ငံဂီတပညာရှင်တွေနဲ့ မြန်မာလူငယ်ဂီတပညာရှင်တွေ ပူးပေါင်းဖျော်ဖြေခဲ့တာ ဖြစ်ပြီး ဒီဖျော်ဖြေပွဲကနေ ရရှိခဲ့တဲ့ ငွေကြေးတွေကိုတော့ ငလျင်ဘေးဒဏ်သင့် ဒေသတွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်း၊ အင်းလေးဒေသတွေကို လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။