DVB Logo
Home
မြန်မာသတင်း
ဟားခါးမြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ကြရန် CDF Hakha ဖိတ်ခေါ်
DVB
·
April 26, 2025
ဟားခါးမြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ကြရန် CDF Hakha ဖိတ်ခေါ်
Donate to DVB

ချင်းပြည်နယ်မှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ မြို့တွေထဲက ဟားခါးမြို့သိမ်းတိုက်ပွဲအတွက် ပူးပေါင်းပါဝင်ကြဖို့ ဧပြီ ၂၃ ရက်နေ့မှာ CDF Hakha က ဖိတ်ခေါ်ထားပါတယ်။

CDF Hakha ရဲ့ ပြန်ကြားရေးတာဝန်ခံက “တိုင်းပြည်နဲ့ လူမျိုးလွတ်မြောက်ရေးဟာ ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်တယ်။ ချင်းပြည်နယ်မှာရှိတဲ့မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့ အရွယ်ရောက်ပြီးသား လူငယ်တွေကို ကျနော်တို့အဖွဲ့နဲ့ ဟားခါးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ တိုက်တွန်းလိုတယ်။ ဟားခါးမြို့ကိုသိမ်းပိုက်နိုင်ဖို့ ကျနော်တို့ CDF Hakha နဲ့ ပူးပေါင်းနိုင်မယ့် နည်းလမ်းတွေရှိပါတယ်” လို့ ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲ Active Force မှာ အချိန်ပြည့်ပါဝင်နိုင်ဖို့၊ တပ်ဖွဲ့အတွင်း အချိန်ပြည့်မနေနိုင်ပေမယ့် ဟားခါးမြို့နယ် အရန်သင်တန်းကျောင်းတက်ပြီးနောက် အရန်တပ်မှာပါဝင်ပြီး မိမိနေအိမ်မှာ နေထိုင်ကြဖို့နဲ့ CDF Hakha တပ်ကနေ အငြိမ်းစားယူထားသူတွေအနေနဲ့လည်း သင်တန်းတက်ရောက်စရာမလိုဘဲ အရန်တပ်မှာ စာရင်းသွင်းထားကြဖို့ဆိုတဲ့ CDF Hakha နဲ့ ပူးပေါင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း သူက ဆက်ပြောပါတယ်။

ချင်းပြည်နယ်အတွင်းမှာ မြို့နယ်အများစုကို ချင်းပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဟားခါး၊ ထန်တလန်နဲ့ တီးတိန်မြို့တို့ကိုတော့ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

CDF Hakha ရဲ့ ဥက္ကဋ္ဌ ဆလိုင်းဟရမ်လျန် က “စစ်နိုင်ဖို့ဆိုရင် ကြိုတင်ပြင်ဆင်မှုက အင်မတန်မှ အရေးကြီးပါတယ်။ ကျနော်တို့ ချင်းလူမျိုးတွေက ကြိုတင်ပြင်ဆင်ချိန်ကာလမှာ ပူးပေါင်းမှုမရှိ၊ ထောက်ပံ့မှုမရှိကြဘဲ အောင်ပွဲခံတဲ့နေ့ကြမှစုပုံပြီးပေးတတ်တဲ့အကျင့်ရှိကြတာဟာ ကျနော်တို့ရဲ့ အားနည်းချက်ဖြစ်တယ်လို့ယူဆပါတယ်။ ဒါကြောင့်မို့ ပြင်ဆင်ချိန်ကာလမှာ ကျနော်တို့တပ်ဖွဲ့ကို ပူးပေါင်းကူညီထောက်ပံ့ပေးကြဖို့ တိုက်တွန်းလိုပါတယ်” လို့ DVB ကို ပြောပါတယ်။

Chinland Defense Force Hakha (CDF Hakha) ဟာ တော်လှန်ရေးအစကနေ အခုချိန်ထိ ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်စစ်ဆင်တိုက်ခိုက်ရာမှာ ၃၄၂ ကြိမ် ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြို့တွင်းစစ်ဆင်ရေး အကြိမ် ၁၄၀ ကျော် တိုက်ခိုက်ခဲ့ပြီး ကျဆုံးသွားတဲ့ရဲဘော် ၄၆ ယောက်၊ ဒဏ်ရာရတဲ့သူက ၁၉၀ ကျော်ရှိခဲ့တယ်လို့လည်း CDF Hakha ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013