DVB Logo
Home
မြန်မာသတင်း
ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃ ကို ပြန်လည်ရုပ်သိမ်း
DVB
·
April 26, 2025
ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃ ကို ပြန်လည်ရုပ်သိမ်း
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃ ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ်ကနေ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံ ကိုဇီးက “တပ်ခွဲ ၃ ဟာ ပြည်သူတွေနဲ့လည်း အ​ဆင်မပြေတာတွေရှိတယ်။ သူတို့အဖွဲ့ အထိုင်ရှိတဲ့နေရာက ပြည်သူတွေကလည်း သူတို့တပ်ခွဲကို ဖျက်သိမ်းပေးဖို့အထိ တိုင်ကြားလာတာတွေရှိခဲ့တယ်။ တပ်ဖွဲ့တွေ အချင်းချင်းပစ်ခတ်တာတွေနဲ့ ပြည်သူကို မှားယွင်းပစ်ခတ်ခဲ့တဲ့ ဖြစ်စဥ်တွေလည်းရှိခဲ့တယ်။ မြေပြင်စစ်ဆင်ရေးတွေမှာလည်း ပါဝင်ဆောင်ရွက်တာနည်းခဲ့တယ်။ အဲ့ဒါတွေကြောင့်မို့လို့ အထက်အဖွဲ့အစည်းတွေနဲ့တိုင်ပင်ဆုံးဖြတ်ပြီး သူတို့အဖွဲ့ကို ပကဖ အဖြစ်ကနေ ပြန်လည်ရုပ်သိမ်းလိုက်ရတာပါ” လို့ DVB ကို ပြောပါတယ်။

ဧပြီ ၂၀ ရက်ကလည်း အဆိုပါ ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃ က တပ်ဖွဲ့ဝင်တွေဟာ ငါ့သရောက်မြို့ဘက်က ပြန်လာတဲ့ သံဃာတော် ၂ ပါး စီးနင်းလာတဲ့မော်တော်ယာဥ်ကို မှားယွင်းပစ်ခတ်ခဲ့ကြသေးတဲ့အတွက် သံဃာတော်တွေဟာ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြသေးတယ်လို့ သူကဆက်ပြောပါတယ်။

အဆိုပါဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃ ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ကနေ ဧပြီ ၂၃ ရက် ညနေပိုင်းမှာထုတ်ပယ်ခဲ့ပြီး MOD ဘက်က ထုတ်ပေးထားခဲ့တဲ့ MA 1 သေနတ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ပြန်လည်သိမ်ခဲ့တယ်လို့ ဆိုပါတယ်။

ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃ ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခု ဧပြီ ၂၁ ရက်နေ့မှာ Local PDF အဖြစ် စတင်ဖွဲ့စည်းပြီး မေ ၁၈ ရက်နေ့မှာပဲ ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃ အဖြစ် ညောင်ဦးမြို့နယ် ပကဖ လက်အောက်ကို ဝင်ရောက်လာတာလို့ သိရပါတယ်။

21 Bagan People Defense Force တာဝန်ခံ ရဲဘော်မောင်လေး က  “တော်လှန်ရေး ရဲဘော်အချင်းချင်းတွေ အကောင်းအမြင်မခံရတဲ့အပြင် အပြစ်တင်ခံရတယ်။ အချင်းချင်းလည်း အပြန်အလှန် လေးစားမှုမရှိတာတွေကြောင့်မို့လို့ ညောင်ဦး ပကဖ ဆီကို တရားဝင်နုတ်ထွက်စာတင်ပြီး နုတ်ထွက်ခဲ့တာ။ ပကဖ နဲ့ ပတ်သက်တဲ့ပစ္စည်းတွေလည်း ပြန်အပ်လိုက်တယ်။ ရှေ့ဆက်ပြီး ကျနော်တို့အဖွဲ့ဟာ ပြည်သူတွေကိုအားကိုးပြီး Local PDF အဖြစ်နဲ့ပဲ 21 Bagan People Defense Force အမည်နဲ့ တော်လှန်ရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမှာပါ” လို့ ပြောပါတယ်။

ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃ အဖြစ် တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ ၁ နှစ်တာ ကာလအတွင်း ညောင်ဦးမြို့နယ်မှာ ပြောက်ကျားတိုက်ပွဲတွေ ဖော်ဆောင်ခဲ့တာတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်တာတွေအပြင် စစ်ကောင်စီဒေါက်တိုင်တွေကို ရှင်းလင်းတာတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၁ ရက်နေ့ကလည်း ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကနေ နုတ်ထွက်​ဖို့ စာတင်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013