
ပြင်သစ်နိုင်ငံအနောက်ပိုင်း နုံ့ထ်မြို့ရှိ နိုထရာဒမ် ဒီတူးတေ့ဒ် ကိုယ်ပိုင်ကက်သလစ်ကျောင်းမှာ ဧပြီ ၂၄ ရက်က ကျောင်းသားအချင်းချင်း ပဋိပက္ခဖြစ်ရာက ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အထက်တန်းကျောင်းသူတယောက် သေဆုံးကာ တခြား ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့က သေဆုံးသူရဲ့ အသက်အရွယ်နဲ့ ကျား၊ မ အတည်မပြုထားပေမဲ့ BFM TV ကတော့ အသတ်ခံရတဲ့ ကျောင်းသားဟာ မိန်းကလေးတယောက်ဖြစ်ပြီး ဒဏ်ရာရတဲ့ ကျောင်းသား ၃ ယောက်မှာ ယောက်ျားလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ ရောက်မလာသေးခင်မှာ အသက် ၁၅ နှစ်ရှိ တိုက်ခိုက်သူကို ဆရာတွေက ဝိုင်းဝန်း အင်အားသုံး ဖမ်းချုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဖရန့်စ် အင်ဖှို ပြင်သစ်ရုပ်သံလွှင့်ဌာနကတော့ ဓားထိုးမှုမှာ ကျောင်းသားအချင်းချင်း ပဋိပက္ခဖြစ်ပြီးနောက် တိုက်ခိုက်သူမှာ စိတ်ကျရောဂါ ခံစားခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်သူဟာ အနက်ရောင်၀တ်စုံနဲ့ မျက်လုံးသာဖော်ထားတဲ့ ခေါင်းစွပ်နဲ့ ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းထားတယ်လို့ ဒေသတွင်း သတင်းစာ အွက်စ်ဖရန့်စ်က ရေးသားထားပါတယ်။
တိုက်ခိုက်သူရဲ့ ပစ္စည်းတွေဘေးမှာ ဓား ၂ ချောင်း ချထားတာကိုလည်း တွေ့ရှိခဲ့ကြောင်း ဆိုပါတယ်။
တိုက်ခိုက်သူဟာ လူ့အဖွဲ့အစည်းကို အဆိုးမြင်ဘက်မှ ရေးဆွဲထားတဲ့ ပန်းချီကားတချပ်ကို ကျောင်းသားအားလုံးဆီ အီးမေးလ်ပေးပို့ခဲ့ကြောင်း BFM က ဖော်ပြခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဒီအစီရင်ခံစာကို ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။ တိုက်ခိုက်မှုအပြီးမှာ ကျောင်းသားတွေကို ကျောင်းထဲမှာ ထိန်းသိမ်းထားခဲ့ပေမဲ့ နေ့လယ်ပိုင်းမှာတော့ ရဲတွေရဲ့ အကာအကွယ်နဲ့ ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ ဒါဇင်နဲ့ချီတဲ့ မိဘတွေက ကျောင်းအပြင်မှာ စောင့်နေခဲ့ကြပါတယ်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘရူနို ရတ်တဲလ်ယိုကတော့ ဓားနဲ့တိုက်ခိုက်ခဲ့သူကို ဝင်လုံးပြီး ဖမ်းဆီးခဲ့တဲ့ နုံ့ထ်မြို့ရှိ ကျောင်းဆရာတွေကို ချီးကျူးစကား ပြောကြားပါတယ်။
သေဆုံးသူဟာ ကျောင်းသူဖြစ်ကြောင်း ရတ်တဲလ်ယိုက အတည်ပြုခဲ့ပေမဲ့ တိုက်ခိုက်မှုဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းကို ဆွေးနွေးဖို့ ငြင်းဆိုခဲ့ပြီး နောက်ထပ် အသေးစိတ် အချက်အလက်တွေကို အစိုးရရှေ့နေရုံးက ထုတ်ပြန်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
တရားခံကို လူသိရှင်ကြား အမည်မဖော်သေးပေမဲ့ တိုက်ခိုက်မှုရဲ့ နောက်ကွယ်က အကြောင်းအရင်းကို အာဏာပိုင်တွေက အတည်မပြုသေးပါဘူး။
Source : Reuters