ဟန်တာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူ ၃ ယောက်ပါတဲ့ သင်္ဘောပေါ်မှာ လိုက်ပါခဲ့တဲ့ နိုင်ငံသား ၂ ယောက်ကို စင်ကာပူနိုင်ငံက သီးသန့်ထားပြီး စမ်းသပ် နေတယ်လို့ ကူးစက်နိုင်တဲ့ရောဂါများအေဂျင်စီ CDA က ပြောပါတယ်။
ရောဂါမပြန့်ပွားစေဖို့ အဲဒီ ဇိမ်ခံသင်္ဘောစီးတဲ့ ခရီးသည်တွေကို နိုင်ငံတွေက စောင့်ကြည့်စစ်ဆေး နေတာ ဖြစ်ပါတယ်။
MV Hondius သင်္ဘောစီးခဲ့တဲ့ စင်ကာပူနိုင်ငံသား ၂ ယောက်ဟာ အမျိုးသားတွေဖြစ်ပြီး အသက် ၆၇ နှစ်အရွယ်နဲ့ ၆၅ နှစ်အရွယ်တို့ ဖြစ်ပါတယ်။
သူတို့ ၂ ယောက်ဟာ ဧပြီ ၁ ရက် အာဂျင်တီးနားဆိပ်ကမ်းကနေ ထွက်ခွာချိန် သင်္ဘောပေါ်မှာ ရှိနေတယ်လို့ CDA က ထုတ်ပြန်ပါတယ်။
“တယောက်က နှာရည်ယိုနေပေမဲ့ ကျန်တယောက်ကတော့ ကောင်းမွန်ပါတယ်။ တခြား တယောက်ကတော့ ရောဂါလက္ခဏာ မပြပါဘူး။ စင်ကာပူမှာ ဟန်တာဗိုင်းရပ်စ် ကူးစက်တာ စိုးရိမ်ရမှုက လက်ရှိမှာ ရာခိုင်နှုန်း နည်းပါတယ်” လို့ CDA က ပြောပါတယ်။
MV Hondius သင်္ဘောပေါ်မှာ ဟန်တာဗိုင်းရပ်စ် ဖြစ်ပွားသူ ၃ ယောက် ရှိခဲ့ပြီး ဒတ်ချ် ဇနီးမောင်နှံ ၂ ယောက်နဲ့ ဂျာမန်နိုင်ငံသားတယောက်၊ စုစုပေါင်း ၃ ယောက် သေဆုံးခဲ့တာပါ။
WHO ပြောကြားချက်အရ သင်္ဘောပေါ်မှာ လူ ၈ ယောက် မကျန်းမမာဖြစ်ခဲ့ကာ ၅ ယောက်က ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရပြီး ၃ ယောက် သေဆုံးခဲ့ကာ ၃ ယောက်က သံသယဖြစ်ဖွယ် လူနာတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။
ဒါပေမဲ့ ဟန်တာဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်ချေ နည်းပါးတယ်လို့ WHO က ပြောထားပါတယ်။
ဟန်တာဗိုင်းရပ်စ်ဟာ ကြွက်၊ ရှဉ့် တို့လို ကိုက်ဖြတ်သတ္တဝါတွေ အချင်းချင်း ကူးစက်တတ်သလို လူလူချင်းလည်း ကူးစက်နိုင်ပြီး ဒီလိုကူးစက်တာမျိုးက ရှားပါးတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters










