
အင်ဒိုနီးရှားနိုင်ငံ ဟယ်လ်မာဟီရာကျွန်းပေါ်က ဒူကိုနိုမီးတောင်ပေါက်ကွဲအပြီး ပျောက်နေတဲ့ စင်ကာပူနိုင်ငံသား ၂ ယောက် သေဆုံးပြီလို့ မေ ၁၀ ရက်မှာ အတည်ပြုခဲ့တယ်လို့ ဒေသခံ ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေက မီးတောင်ဝပတ်လည်က ကျောက်တုံးအပျက်အစီးတွေအောက်မှာ အချင်းချင်း ဆုပ်ကိုင်ထားတဲ့ အလောင်းတွေကို တွေ့ခဲ့တယ်လို့ အေဂျင်စီအကြီးအကဲ အိုင်ဝမ် ရမ်ဒါနီက ပြောပါတယ်။
ပြင်းထန်တဲ့ မြေပြင်အနေအထားနဲ့ မိုးရွာသွန်းမှုကြောင့် အလောင်းတွေကို ခက်ခက်ခဲခဲ ပြန်ရယူခဲ့ ရပြီး ဒေသန္တရ ဆေးရုံတခုမှာ ရင်ခွဲစစ်ဆေးနေတယ်လို့ သူက ပြောပါတယ်။
ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်ကလည်း မီးတောင် အဆက်မပြတ် ပေါက်ကွဲမှုတွေကြောင့် အဟန့်အတားဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မီးတောင်ဝပတ်လည် ပေ ၃၅၀ ကနေ ပေ ၅၀၀ လောက်ကို ရှာဖို့ အဓိကထားပြီး အပူအာရုံခံ ဒရုန်း ၂ စင်းနဲ့ ဝန်ထမ်းအယောက် ၁၅၀ လောက်ကို တနင်္ဂနွေနေ့ မနက်ကတည်းက လွှတ်ထားတယ်လို့ အိုင်ဝမ်က ပြောပါတယ်။
ပစိဖိတ်သမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ မြောက်မာလူကူပြည်နယ်က ဒူကိုနိုမီးတောင်ဟာ မေ ၈ ရက်မှာ ပေါက်ကွဲခဲ့ပြီး ပြာတွေကို အမြင့် ၆ မိုင်အထိ မှုတ်ထုတ်ခဲ့ပြီး ဆက်လက်ပေါက်ကွဲနေဆဲပါ။
စင်ကာပူနိုင်ငံသား ၇ ယောက်နဲ့ အင်ဒိုနီးရှား နိုင်ငံသား ၁၀ ယောက်အပါအဝင် လူ ၁၇ ယောက် လည်း ဒီဖြစ်ရပ်မှာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့အထိ ပေါက်ကွဲမှု အနည်းဆုံး ၄ ကြိမ်ဖြစ်ခဲ့ပြီး တကြိမ်မှာ ပြာမှုန့်တွေ ၁ ဒသမ ၃ ကီလိုမီတာအမြင့်အထိ ပျံ့နှံ့ခဲ့တယ်လို့ အင်ဒိုနီးရှား မီးတောင်ဗေဒအေဂျင်စီက ပြောပါတယ်။
ဒူကိုနိုမီးတောင်အတွက် တတိယအမြင့်ဆုံး သတိပေးချက်အဆင့်ကို အေဂျင်စီက ထိန်းသိမ်းထားဆဲ ဖြစ်ပြီး မီးတောင်ဝကနေ ၂ မိုင်ခွဲအတွင်း ဘယ်လို လှုပ်ရှားမှုကို မဆို တားမြစ်ထားပါတယ်။
Source:Reuters










