
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က အင်အားပြင်း ငလျင် လှုပ်ခတ်ပြီး ၄၈ နာရီအတွင်း ငလျင်ဘေးသင့်ပြည်သူတွေအတွက် အာဟာရဖြည့် ဘီစကွတ်တွေ စတင် ဖြန့်ဝေခဲ့ပြီး၊ အဲဒီဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေမှာ စားသုံးဖို့နဲ့ ရောင်းချဖို့ ထုတ်ထားတာ မဟုတ်ဘူးလို့ ဧပြီလ ၂၄ ရက်က ထုတ်ပြန်လိုက်ပါတယ်။
နေပြည်တော်မှာ WFP အာဟာရဖြည့်ဘီစကွတ်တွေ ရောင်းချနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး ဒီအကြောင်းအရာကို WFP အနေနဲ့ သိရှိထားသလို၊ ဒီလို ရေးသားချက်တွေမှာ သက်သေ အထောက်အထား တစုံတရာ မတွေ့ရဘူးလို့ ဆိုပါတယ်။
နေပြည်တော်မှာ အာဟာရဖြည့် ဘီစကွတ်တွေကို ဧပြီလ ၁ ရက်က နောက်ဆုံး ဖြန့်ဝေခဲ့တာ ဖြစ်ပြီး၊ WFP အနေနဲ့ ပုံမှန် လေ့လာ စောင့်ကြည့်နေသလို ရောင်းချတာတွေ တွေ့ရင် ချက်ချင်း အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
“တကယ်တော့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကို ပြန်လည် ရောင်းချဖို့မသင့်ပါဘူး။ ဒီဘီစကွတ်တွေက ရောင်းဖို့ မဟုတ်ပါဘူး။ အခုပုံမှန် ထမင်းဟင်းစား သောက်နိုင်ပြီဆိုရင် ပိုလျှံနေတဲ့ ဘီစကွတ်တွေကို မိမိထက် ပိုလိုအပ်နေသူတွေဆီကို မျှဝေပေးလိုက်ပါ” လို့ WFP က ပြောပါတယ်။
ဒီဘီစကွတ်တွေကို ဂျုံမှုန့်၊ ပဲပိစပ်မှုန့်၊ သကြား၊ အဆီထုတ်ထားတဲ့ နို့မှုန့်တို့နဲ့ ပြုလုပ်ထားပြီး စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဘီစကွတ်တွေကို ၆ လ အောက် ကလေးငယ်တွေကို ကျွေးလို့ မရကြောင်းလည်း ထုတ်ပြန်ထားပါတယ်။