DVB Logo
Home
မြန်မာသတင်း
ပြိုကျ Sky Villa  အောက်မှ ကလေး ၁ ဦး အပါအဝင် ၄ လောင်း ထပ်မံတွေ့ရှိ
DVB
·
April 24, 2025
ပြိုကျ Sky Villa  အောက်မှ ကလေး ၁ ဦး အပါအဝင် ၄ လောင်း ထပ်မံတွေ့ရှိ
1 / 5
Donate to DVB

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက်ရှိ Sky Villa  အဆောက်အအုံအောက်ကနေ ဧပြီ ၂၄ ရက် မနက်မှာ ကလေးငယ်တယောက်အပါအဝင် အမျိုးသား ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ တယ်လို့ ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

မတ် ၂၈ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် Sky Villa အဆောက်အအုံ ပြိုကျမှုအောက်မှာ ရုပ်အလောင်းတွေ ကျန်ရှိနေသေးတာကြောင့် အဆောင် C နဲ့ D အပိုင်းနေရာတွေကို ရှာဖွေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်ခဲ့ရာ ဧပြီ ၂၄ ရက် ဒီကနေ့ မနက် ၁၀ နာရီ ၄၀ မိနစ်မှာ အမျိုးသား ၂ ယောက် ရုပ်အလောင်း၊ မနက် ၁၁ နာရီမှာ ကလေးငယ် (ကျား) တယောက်နဲ့ အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းတွေ ထပ်မံတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ရှာဖွေ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်က “လက်ရှိ Sky Villa အဆောက်အအုံအောက် ကျန်ရှိနေသေးတဲ့ ရုပ်အလောင်းတွေ ရှာဖွေထုတ်ယူနိုင်ဖို့နဲ့ ပြိုကျ ပျက်စီးတာတွေ ဖယ်ရှားရှင်းလင်းရေးအတွက် ပူးပေါင်းအဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

ပြိုကျ Sky Villa အဆောက်အအုံအား ကူညီ ကယ်ဆယ်၊ ရှင်းလင်းရေး လုပ်ငန်းတွေကို မီး သတ်တပ်ဖွဲ့နဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး မတ် ၂၉ ရက်ကနေ ဧပြီ ၂၄ ရက် ဒီကနေ့မနက်ပိုင်းထိ စုစုပေါင်း သေဆုံးရုပ်အလောင်း ၁၀၀ ကျော်ကို ရှာဖွေထုတ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ တယောက်က “Sky Villa အဆောက်အအုံ ပြိုကျမှုအောက်မှာ ရုပ် အလောင်းတွေ ရှိနိုင်ပါသေးတယ်။ အသက်ရှင်လျက် ကယ်ထားနိုင်သူတွေလည်းရှိတယ်။ ရှင်းလင်းရှာဖွေဖို့တွေ မနည်း ကျန်နေသေးတာတွေ့ရတယ်” လို့ ပြောပါတယ်။

Sky Villa ကွန်ဒိုပြိုကျမှုဖြစ်စဉ်အတွင်း မတ် ၂၈ ရက်ကနေ ၃၁ ရက်အထိသာ စုစုပေါင်း ၅၂ ယောက်သာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ 

မန္တလေးမြို့ပေါ်မှာ ငလျင်ကြောင့် ထိခိုက်သေ ဆုံးသူ ၂၀၀၀ ကျော်အထိ ရှိလာပြီး အရေအတွက် ပိုမိုများပြားနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013