
ဂရိနိုင်ငံမြောက်ပိုင်း ထက်ဆလိုနီးကီမြို့မှာ အာဏာရ နယူးဒီမိုကရေစီပါတီမှ ခေါင်းဆောင် ၃ ယောက်ရဲ့ နေအိမ်တွေကို မီးပုလင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ အသက် ၇၂ နှစ်အရွယ် ပါတီလွှတ်တော် အမတ်လောင်း တယောက်ရဲ့ မိခင်ဖြစ်သူ ဗာဂျီယာနက်စတိုရာဟာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပြီးနောက်မှာ ပါတီထောက်ခံသူတွေကို လမ်းမတွေပေါ် ထွက်ဆန္ဒပြဖို့ ပါတီက တောင်းဆိုခဲ့ပါတယ်။
တိုက်ခိုက်သူတွေဟာ အင်္ဂါနေ့ မိုးမလင်းခင်အချိန်က ထက်ဆာလိုနီကီမြို့မှာရှိတဲ့ အာဏာရပါတီက ဒေသခံခေါင်းဆောင် ၃ ယောက်ရဲ့ အိမ်တွေမှာ မီးလောင်လွယ်တဲ့ ဂတ်စ်ဘူးတွေကို လိုက်ချထားခဲ့ တာကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာပါ။
နယူးဒီမိုကရေစီပါတီရဲ့ အမတ်လောင်း အာဖရိုဒရီတီ နက်စ်တိုရာရဲ့ မိခင်ဖြစ်သူ ဗာဂျီယာ နက်စ်တိုရာဟာ တကိုယ်လုံးရဲ့ ၈၀ ရာခိုင်နှုန်းမှာ မီးလောင်ဒဏ်ရာတွေ ရရှိပြီးနောက် ကိုယ်တွင်း အင်္ဂါတွေ ပျက်စီးမှုကြောင့် သေဆုံးသွားကြောင်း ဆေးရုံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမတ်လောင်းကိုယ်တိုင်လည်း မီးလောင်ဒဏ်ရာရခဲ့သလို တခြားလူ ၃ ယောက်လည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာ လတ်တလော ထုတ်ဖော် ပြောဆိုတာမျိုး မရှိသေးပါဘူး။
အစိုးရပြောရေးဆိုခွင့်ရှိသူ ပါဗလော့စ် မာရီနာကစ်က "ထက်ဆာလိုနီကီမြို့က နယူးဒီမိုကရေစီပါတီ တာဝန်ရှိသူ ၃ ယောက်ကို အစီအစဉ်တကျနဲ့ လုပ်ကြံတိုက်ခိုက်ခဲ့တဲ့ အလွန်ဆိုးရွားတဲ့ လုပ်ရပ်ကို မြင်တွေ့ခဲ့ရတာပါ။ ဒီအကြမ်းဖက်လုပ်ရပ်ဟာ သူတို့အယူဝါဒနဲ့ သဘောချင်းမတူညီလို့ ဆိုပြီး လူသုံးဦးကို အယူဝါဒ အယောင်ဆောင်ပြီး အကြမ်းဖက်မှုကိုလိုလားသူတွေရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်ပါ" လို့ ပြောပါတယ်။
New Democracy ပါတီနဲ့ သူတို့ရဲ့ လူငယ်အဖွဲ့အစည်းဖြစ်တဲ့ ONNED တို့ကတော့ ကွယ်လွန်သူကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်အလောင်းရှိရာ ဆေးရုံအပြင်ဘက်မှာ ဆန္ဒပြပွဲလုပ်ဖို့ သူတို့ရဲ့ ထောက်ခံ ဝန်းရံသူတွေကို တိုက်တွန်းထားပြီး အကြမ်းဖက်ဝါဒကို ဆန့်ကျင်ဖို့နဲ့ သူတို့ကို ကြောက်မနေဘူးလို့ ကြေညာချက် ထုတ်ထားပါတယ်။
လတ်တလောမှာတော့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့က ဒီအမှုကို လွှဲပြောင်းရယူပြီး စုံစမ်းစစ်ဆေးနေပါတယ်။
ရဲပြောရေးဆိုခွင့်ရှိသူ ကွန်စတန်တီးနား ဒီမိုဂလစ်ဒူးကတော့ သက်သေအထောက်အထားတွေအရ ဒီတိုက်ခိုက်မှုတွေဟာ စနစ်တကျ ချိတ်ဆက်လုပ်ဆောင်ထားတာဖြစ်နိုင်ပြီး အိမ် ၃ အိမ်လုံးကို တရားခံအဖွဲ့တခုတည်းကပဲ လုပ်ခဲ့တာ ဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ ရဲတပ်ဖွဲ့က ဗီဒီယိုမှတ်တမ်း တွေကို စစ်ဆေးနေတယ်လို့ ဂရိမီဒီယာတွေကို ပြောပါတယ်။
ဂရိနိုင်ငံမှာ ဗုံးခွဲတာနဲ့ မီးရှို့တိုက်ခိုက်တာမျိုးတွေအပါအဝင် နိုင်ငံရေးအကြမ်းဖက်မှု သမိုင်းကြောင်း ဆယ်စုနှစ်ချီ ရှိခဲ့ပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ က လက်ဝဲစွန်း အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်တွေကို ထောင်ချပြီးနောက်ပိုင်း နိုင်ငံရေးသမားတွေကို ပစ်မှတ်ထား လုပ်ကြံတဲ့အထိ ဖြစ်ပွားတာမျိုး မရှိခဲ့တာ ဆယ်စုနှစ်တခုကျော်ကြာပြီ ဖြစ်ပါတယ်။
Source:Reuters











