
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ အဓိက ကစားသမားတွေကို အနားပေးဖို့ မရှိကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ ဧပြီ ၃၀ ရက်မှာ ပီအက်စ်ဂျီနဲ့ ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ ဧပြီ ၂၄ ရက်မှာ ခရစ္စတယ်ပဲလေ့ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာပါ။
အဲဒီပွဲစဉ်မှာ ဆာကာ အပါအဝင် ဆာလီဘာနဲ့ ဒက်ကလန်ရိုက်စ်တို့လို အဓိက ကစားသမားတွေကို အနားပေးဖို့ အစီအစဉ်ရှိ၊ မရှိနဲ့ ပတ်သက်ပြီး သတင်းထောက်တယောက်က မေးမြန်းခဲ့တာပါ။
ကစားသမားတွေ ဒဏ်ရာကင်းစင်ပြီး ကစားချင်တဲ့ဆန္ဒရှိနေသမျှ အနားပေးဖို့ မရှိကြောင်းနဲ့ ကစားသမားတွေရဲ့ခြေစွမ်း၊ စိတ်ခံစားချက်၊ ကြံ့ခိုင်မှုနဲ့ အရှိန်အဟုန်ကောင်းတွေဟာ စဉ်ဆက်မပြတ် ကောင်းမွန်နေ ဖို့လိုအပ်ကြောင်း နည်းပြ အာတေတာက ပြောသွားပါတယ်။
ဆာကာဟာ အစ်ဆွစ်နဲ့ ပွဲစဉ်မှာ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုခံခဲ့ရပြီး ကံကောင်းထောက်မလို့ ဒဏ်ရာမပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။