
စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၂၅ သန်း ကို စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ထပ်မံထုတ်ရောင်းချပေးမယ်လို့ ဧပြီ ၂၃ ရက်က ကြေညာပါတယ်။
ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကလည်း ဒေါ်လာ ၅၅ သန်းကို စက်သုံးဆီလုပ်ငန်းရှင် တွေအတွက် ထုတ်ရောင်းပေးမယ်လို့ ကြေညာခဲ့ပါတယ်။
လက်ရှိစျေးနှုန်းအခြေအနေအရ မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းက တဒေါ်လာကို ၄၄၁၀ ကျပ်အထိ တဖြည်းဖြည်းကျဆင်းနေပြီး ဓာတ်ဆီဈေးနှုန်းတွေကလည်း ဧပြီ ၁၈ ရက်ကစပြီး တလီတာကို ကျပ် ၃၀၀၀ အောက်ကို လျော့ကျသွားပါတယ်။
အခုတပတ်အတွက် ၉၂ ဓာတ်ဆီ တလီတာ ဈေးနှုန်းကို ၂,၇၄၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာကို ကျပ် ၂,၈၀၀၊ ဒီဇယ် တလီတာကို ၂,၃၉၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၃,၉၆၀ ကျပ်အဖြစ် စက်သုံးဆီလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားပါတယ်။
ဒီလို ဈေးနှုန်းလျော့ကျလာမှုက မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာကြား ငွေလဲနှုန်း ကျဆင်းလာတာနဲ့အတူ စကစရဲ့ ဈေးနှုန်းထိန်းချုပ်မှု မူဝါဒတွေကြောင့် ဖြစ်နိုင်တယ်လို့ ဈေးကွက် လေ့လာသူတွေက သုံးသပ်ကြပါတယ်။