DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်ဖြေခိုင်းသည့်အပေါ် ကျောင်းသား၊ မိဘနှင့် ဆရာများကန့်ကွက်
DVB
·
April 23, 2025
တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်ဖြေခိုင်းသည့်အပေါ် ကျောင်းသား၊ မိဘနှင့် ဆရာများကန့်ကွက်
Donate to DVB

ငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ သောင်းနဲ့ချီ မီးလောင်ပျက်စီးသွားခဲ့ တဲ့အတွက် စစ်ကောင်စီက စာမေးပွဲပြန်ဖြေခိုင်းတဲ့အပေါ် ကျောင်းသူကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ ဆရာတွေက ကန့်ကွက် နေကြပါတယ်။

မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင်း မန္တလေးတက္ကသိုလ်အတွင်း ထားရှိတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာ ၆၀,၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ကချင်၊ စစ်ကိုင်း ၊ မန္တလေးနဲ့ နေပြည်တော်က ကျောင်းသားတွေကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်ဖြေရမယ်လို့ စစ်ကောင်စီက ဧပြီ ၂၂ ရက်မှာ ကြေညာထားတာပါ။

အခုလို ကြေညာချက်ထုတ်တဲ့အပေါ် ကျောင်းသားတွေ ကျောင်းသား မိဘတွေနဲ့ သင်ကြားရေးဆရာတွေက ကန့်ကွက်နေကြပါတယ်။

မန္တလေးတိုင်းထဲက ကျောင်းသား မိဘတယောက်တော့ အခုလို ကလေးတွေ အမှားမရှိဘဲ ပြန်ဖြေခိုင်းတာကို သဘောမတူဘဲ ကလေးတွေ ကိုယ်တိုင်ကလည်း ပြန်မဖြေချင်ကြောင်း ပြောပြပါတယ်။

“ကလေးတွေက စာမေးပွဲမဖြေခင်က stress ကြီးနဲ့နေခဲ့ပြီး  ဒီစာမေးပွဲပြီးတော့ သူတို့မှာ လွတ်ပီ ကျွတ်ပြီးဆိုပြီး တာဝန်ပြီးပီဆိုပြီ လျော့ချထားတာ။ အခုပြန်ဖြေရမယ်ဆိုတော့ ကလေးတွေက ပြောတာ သူတို့မဖြေခဲ့တာ မဟုတ်ဘူး။ ဖြေခဲ့တယ် သူတို့အမှားလည်းမဟုတ်ဘဲ အခုလို ပြန်ဖြေခိုင်းတော့ မဖြေချင်ကြဘူး။ နောက်ကလေးတွေက အခုငလျင်မှာ တွေ့ခဲ့တာ သူတို့ သူငယ်ချင်းတွေ အိမ်ပြိုသွားတာ၊ မိသားစုတွေ ဆုံးရှုံးသွားတာကို  မျက်မြင်ကိုယ်တွေ့ကြုံခဲ့တော့ ကိုယ်ချင်းစာစိတ်နဲ့ ပြန်မဖြေချင်ဘူးလို့ ပြောတယ်။ ကြားမှာ ကျောင်းနားထားတာ အခုနှစ်တွေကြာလို့ မိဘကပြန်ဖြေခိုင်းလို့ ပြန်ဖြေတာဆိုတော့ သူတို့လည်း တက္ကသိုလ်တော့ တက်ချင်တယ်။ ပြန်သွားမဖြေချင်ဘူးလို့ ပြောပေမဲ့ ဆုံးဖြတ်ရခက်နေတဲ့ အခြေအနေပါပဲ။ တကယ်တော့ ကျမတို့ လူကြီးတွေရော ကလေးတွေပါ ပြန်ဖြေခိုင်းတာ လုံးဝအဆင်မပြေဘူး”လို့ ပြောပါတယ်။

ငလျင်သင့်ဒေသက ကျောင်းသားကျောင်းသူတွေကို စာမေးပွဲပြန်ဖြေခိုင်းတာထက်စာရင် တက္ကသိုလ်ဝင်ခွင့်ကို ကျောင်းရွေးချယ်ပြီး ဖြေဆိုခိုင်းတာက လက်ရှိ စနစ်သစ် သင်ရိုးညွန်းတန်းနဲ့ ကိုက်ညီတာဖြစ်ကြောင်းကို CDM အထက်တန်းပြ ဆရာမတယောက်က ရှင်းပြပါတယ်။

“သူတို့ G 12 ထိဆွဲထားတဲ့စနစ်သစ်က အရင်တုန်းက ဆယ်တန်းလိုမျိုး အမှတ်စာရင်းနဲ့ အ အောင်ပေးမယ်၊ အမှတ်စာရင်းနဲ့ တက္ကသိုလ်ဝင်ခွင့်တွေ လက်ခံမယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘူး။ အထက်တန်းအဆင့် 10 , 11, 12 သုံးနှစ်ရဲ့ grade တွေ အကုန်လုံးပေါင်းပြီးတော့မှ ယူမယ်ပေါ့။ တကယ်တမ်း ကျမတို့ဆွဲထားတဲ့ စနစ်သစ်ရဲ့  curriculum  တွေနဲ့ တခြားစီပဲ။ အခုသင်နေတာနဲ့တခြားစီဖြစ်နေတာ။ အဲဒီတော့ သူတို့စာမေးပွဲ လုပ်နေတာကိုက တလွဲကြီးလို့ မြင်တာ။ တကယ်တမ်းဆို အဖြေလွှာမီးလောင်သွားတာဆိုရင်  ဒီအဖြေလွှာတွေမလိုဘဲ တကယ်တမ်း တက္ကသိုလ်ဝင်ခွင့်မှာမေးလိုက်မယ်ဆိုရင် အဲတာမှ သူ့ရဲ့ စနစ်သစ်ရဲ့ပုံစံဝင်တာပေါ့။”

အခုလို စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်က ကလေးတွေအတွက် တဖက်သတ်ဆန်တယ်လို့ မန္တလေးတိုင်းထဲက သင်ကြားရေး ဆရာတ ယောက်က ဝေဖန်ပါတယ်။

“ဆုံးဖြတ်ချက်က ပြန်ဖြေရမယ်ဆိုတဲ့တခုတည်းကတော့ ကလေးတွေအတွက် တဖက်သက် ဆန်လွန်းတယ်လို့ မြင်မိတယ်။ တကယ်ဖြစ်သင့်တာကတော့ ပြန်မဖြေနိုင်တော့မယ့် ကလေးရယ်၊ ပြန်မဖြေချင်တော့တဲ့ကလေးရယ်ကို မျှခြေအမှတ်ကလေးနဲ့ အအောင်ပေးလိုက်ပေါ့၊ ပြီးရင် အဝေးသင်လိုနေရာကို သွားခိုင်းလိုက်ရင် ပိုကောင်းမယ်လို့ ထင်တယ်။ စိတ်ဆန္ဒပြင်းပြပြီးတော့ ရမှတ် လိုချင်တဲ့ကလေးတွေ ထပ်ပြီး ကြိုးစားချင်တဲ့ ကလေးတွေ ကျတော့ ပြန်ဖြေခွင့်ပေးလိုက်ပြီးတော့ သက်မွေးတက္ကသိုလ်တွေဘက်ကိုသွားခိုင်းလိုက်တာတော့ ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့လည်း အခုက အားလုံးပြန်ဖြေဆိုတဲ့ တသမတ်တည်းကတော့ ငလျင်ဘေးနဲ့ ဒီမီးလောင်မှုက ကလေးတွေကနေ ဖြစ်စေတာ မဟုတ်တဲ့အတွက် နှစ်သက်ရာ အခွင့်အရေးစေဖို့တော့ ဖြစ်တန်ကောင်းပါတယ်။”

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကတော့ ကချင်ပြည်နယ် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေက ကျောင်းသူ ကျောင်းသား‌ ၆၀၀၀၀ ကျော်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဇွန် ၁၆ ရက်ကနေ ၂၁ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားတွေကို ဇွန် ၁ ရက်ကနေ ၁၅ ရက်အထိ ဖြေဆိုမယ့်စာစစ်ဌာနတွေမှာ ထုတ်ယူနိုင်ကြောင်း ကြေညာထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013