
ကြက်မောက်ဆူးပြန်ပင်ကို သိပ္ပံလို Achyranthes aspera လို့ခေါ်ပြီး အင်္ဂလိပ်လို Washermans Plant, Chaff Flower, Prickly Chaff Flower စသဖြင့် ခေါ်ကြပါတယ်။
ကြက်မောက်ဆူးပြန်ပင်မှာ saponins, oleanolic acid, ecdysterone, amino acids နဲ့ hentriacontane, long chained carbohydrate, 17-pentariacontanol, hentriacontane, 10-tricosanone, 10-octacosanone နဲ့ 4-triacontanone, Hydroquinone, Achyranthine စတဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပြီး သွေးလည်ပတ်မှုနဲ့ နှလုံးညှစ်အားကို မြှင့်တင်ပေးခြင်း၊ ဆီးရွှင်စေခြင်း၊ အစာခြေခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ သွေးတွင်းအဆီကျစေခြင်း၊ ဆီးချိုကျစေခြင်း၊ မှိုသတ်ဆေး/ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ အနာကျက်စေခြင်း၊ အပိုအညစ်အကြေးများနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ ကြက်မောက်ဆူးပြန်ပင်ရဲ့ အရွက်၊ အမြစ်၊ အစေ့နဲ့ တပင်လုံးကို သုံးစွဲကြပါတယ်။
ကြက်မောက်ဆူးပြန်ပင်ဟာ အက်စစ်ကို ချေဖျက်ပေးတဲ့ တုံ့ပြန်မှုကို ပံ့ပိုးပေးတာကြောင့် အစာအိမ်ရောင်ခြင်း၊ အက်စစ်လွန်ကဲခြင်း တို့ကို လျော့ပါး သက်သာစေပါတယ်။
ကြက်မောက်ဆူးပြန်ပင်ဟာ အသက်ရှူလမ်းကြောင်းမှ မလိုလားအပ်တဲ့ သလိပ်များကို သန့်ရှင်းစေပြီး နာတာရှည် ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းမှ သက်သာစေပါတယ်။
ကြက်မောက်ဆူးပြန်ပင်မှာ ဝမ်းပျော့ဆေးအာနိသင် ရှိတာကြောင့် အူသိမ်အူမ လှုပ်ရှားမှုကို တိုးလာစေပြီး အူအတွင်း လိပ်ခေါင်းနဲ့ ဂရင်ဂျီနာ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
ကြက်မောက်ဆူးပြန်ပင်မှာ သန်ကောင်ကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် အရွက်သတ္တုရည် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ သောက်ပေးခြင်းက အူအတွင်း သန်ကောင် ဝင်ရောက်ခြင်း အန္တရာယ်ကိုလည်း လျှော့ချပေးပါတယ်။
ကြက်မောက်ဆူးပြန်ပင်မှာ ဆီးသွားနိုင်တဲ့ ဂုဏ်သတ္တိများ ရှိတာကြောင့် ကျောက်ကပ်ကို သန့်စင်ပေးပြီး ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။ ဆီးနဲ့ ကျောက်ကပ်ရောဂါများမှာ အမြစ်ပြုတ်ရည်ကို အအေးခံပြီး တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၃-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ကြက်မောက်ဆူးပြန်ပင်မှာ အနာကျက်စေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် အင်ပျဉ်၊ အနာနဲ့ ထိခိုက်ရှနာများကို အရွက်သတ္တုရည် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
ပိုးမွှားကိုက်ခံရတဲ့အခါ ကြက်မောက်ဆူးပြန်ပင် အရွက်ကို ထုထောင်းပြီး လိမ်းအုံပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေပါတယ်။
ကြက်မောက်ဆူးပြန်ပင်အရွက် သတ္တုရည်ကို နှမ်းဆီဆတူစပ်ပြီး အပူပေးကာ နားနာ၊ နားကိုက်ခြင်းများမှာ နာတွင်း အစက်ချဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
ဆေးဝါးလက်လှမ်းမမီတဲ့ ဒေသတွေမှာ မြွေကိုက်ခံရပါက လူနာ အော့အန်ပြီး သတိပြန်ရလာသည်အထိ ကြက်မောက်ဆူးပြန်ပင်အမြစ် သတ္တုရည်ကို တခါသောက် ဟင်းစားဇွန်း ၁ ဇွန်း နာရီဝက်ခြား ၃ ကြိမ်စီ၊ ၁ နာရီခြား ၃ ကြိမ်စီ၊ ၂ နာရီခြား ၃ ကြိမ်စီ ဂရုတစိုက် တိုက်ပေးပါ။ မြွေကိုက်ခြင်းအတွက် အမြစ်ကို အရိပ်မှာ အခြောက်ခံပြီး အမှုန့် ကော်ဖီ ၁ ဇွန်းကို ရေနဲ့ တိုက်ပေးပါ။
ခါးကြောတောင့်တင်းခြင်း၊ ညောင်းညာကိုက်ခဲခြင်းများမှာ အရွက်များကို ကြိတ်ချေပြီး လိမ်းကျံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
လတ်ဆတ်တဲ့အမြစ်ကို သွားတိုက်တံအဖြစ် အသုံးပြုပြီး သွားတိုက်ပေးခြင်းဖြင့် သွားများကို ကြံ့ခိုင်စေပါတယ်။
အပင်ကို ထုထောင်းကာ ရေနဲ့ပြုတ်ပြီး အဆုတ်ရောင်ရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများမှာ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် အမြစ်မှုန့် ကော်ဖီ ၁ ဇွန်းကို ငရုတ်ကောင်းမှုန့် ပမာဏအညီအမျှ ရောစပ်ပြီး တနေ့ ၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ လတ်ဆတ်တဲ့အရွက် သတ္တုရည် ကော်ဖီ ၂ ဇွန်းကို ၃ နာရီခြား ၁ ကြိမ် သောက်ပေးနိုင်ပါတယ်။
အပင်ကို ပြာချပြီး အနာနဲ့ ကြွက်နို့များအတွက် ပြင်ပမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
နကျယ်ကောင် အကိုက်ခံရပါက အရွက်လတ်လတ်ဆတ်ဆတ် သတ္တုရည်ကို လိမ်းပေးခြင်း အုံပေးခြင်းဖြင့် သက်သာစေပါတယ်။
ကင်းမြီးကောက် ကိုက်ခံရခြင်းအတွက် အမြစ်ကို ထုထောင်းပြီး အုံပေးနိုင်ပါတယ်။
အမြစ်ကို ရေမှာစိမ်ပြီး မျက်စိမှုန်ခြင်းနဲ့ မျက်ကြည်လွှာ အလင်းပိတ်ခြင်းများမှာ မျက်စဉ်းခတ်ပေးနိုင်ပါတယ်။
အသည်းခြောက်ခြင်းနဲ့ ရေဖျဉ်းရောဂါများမှာ အပင်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ဗောက်များနဲ့ ဦးရေပြားရောဂါများမှာ အရွက်သတ္တုရည်ကို အုန်းဆီနဲ့ ရောစပ်ပြီး လိမ်းပေးနိုင်ပါတယ်။
သွေးစုနာများမှာ အရွက်ကို ထုထောင်းပြီး အုံထားပေးခြင်းဖြင့် သက်သာစေပါတယ်။
ပန်းပွင့်မှာ ရောင်ရမ်းမှုနဲ့ ပန်းနာရောဂါကို ပြင်းထန်စွာ ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် လည်ချောင်းနာခြင်းနဲ့ ပန်းနာရင်ကျပ်ရောဂါများနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ ပန်းပွင့်များကို ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းနက်တို့ကို ဆတူရောစပ် ကြိတ်ချေပြီး တခါသောက် ကော်ဖီ ၁ ဇွန်းကို တနေ့ ၃-၄ ကြိမ် သောက်ပေးခြင်းဖြင့် ရင်ဘတ်အတွင်းမှ ချွဲသလိပ်များကို ဖယ်ရှားပေးပြီး ရင်ဘတ်ကို ပြေလျော့စေကာ အသက်ရှူရ လွယ်ကူသက်သာစေပါတယ်။ အအေးမိ ဖျားနာခြင်းများမှာ တခါသောက် ကော်ဖီဇွန်းဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
အပင်ရဲ့ ဖျော်ရည် ၁ ခွက်ကို တနေ့ နှစ်ကြိမ် သောက်သုံးခြင်းက သွေးတွင်း မကောင်းတဲ့အဆီကို လျော့ကျစေပြီး အဆီကျစေကာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ပန်းပွင့်ကို အစားအသောက်တွေမှာ ထည့်သွင်းစားသောက်ပေးခြင်းက မလိုလားအပ်တဲ့ ဆာလောင်မှု ဝေဒနာများကို ထိန်းညှိပေးကာ ခန္ဓာကိုယ်တွင်းရှိ ဓာတ်ကြွင်းများကို ချေဖျက်ပေးပြီး ဝမ်းမှန်စေပါတယ်။
ဆီးချိုဝေဒနာရှင်များ ကြက်မောက်ဆူးပြန်ပင်အရွက် သတ္တုရည် ဟင်းစားဇွန်းတဇွန်းကို သွေးတွင်း သကြားဓာတ် အနိမ့်အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ကြက်မောက်ဆူးပြန်ပင်အရွက်ကို ရာသီသွေး အလွန်အကျွံဆင်းခြင်းအတွက် အရွက်ကို ထုထောင်းပြီး ဟင်းစားဇွန်း ၁ ဇွန်းကို ရေအနည်းငယ်ထည့်ကာ နှမ်းဆီ ကော်ဖီ ၁ ဇွန်းနဲ့ အစာမစားမီ တနေ့ ၂ ကြိမ် စားသုံးနိုင်ပါတယ်။
ကြက်မောက်ဆူးပြန်ပင်ကို အသင့်အတင့် သောက်သုံးခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းက အော့အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ ကြက်မောက်ဆူးပြန်ပင် သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ နို့တိုက်မိခင်နဲ့ ကလေးများ ပမာဏ အနည်းငယ်သာ အသုံးပြုသင့်ပါတယ်။
မျိုးမပွားနိုင်ခြင်း ကုသမှုခံယူနေတဲ့ အမျိုးသားများ ရေရှည်အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကြက်မောက်ဆူးပြန်ပင်ထွက် ဆေးဝါးများ ရေရှည်သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူများ ကြက်မောက်ဆူးပြန်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။