
လိဒ်ယူနိုက်တက်အသင်းနဲ့ ဘန်လေအသင်းတို့ဟာ ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့် ပြန်လည်ရရှိသွားပါတယ်။
ဧပြီ ၂၁ ရက် မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံရှစ်ပွဲစဉ် ၄၄ မှာ လိဒ်ယူနိုက်တက်က စတုတ်စီးတီးကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့သလို ဘန်လေအသင်းကလည်း ရှက်ဖီးယူနိုက်တက်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး တန်းတက်ကစားခွင့် သေချာသွားခဲ့တာပါ။
နှစ်သင်းစလုံး ရမှတ် ၉၄ မှတ်စီ ရရှိထားပြီး ချန်ပီယံဆုအတွက်တော့ လက်ကျန် ၂ ပွဲက အဆုံးအဖြတ်ပေးသွားမှာဖြစ်ပြီး လတ်တလောမှာတော့ လိဒ်ယူနိုက်တက်က ဂိုးကွာခြားချက်အသာနဲ့ အဆင့်တစ်နေရာမှာ ရပ်တည်နေပါတယ်။
လိဒ်ယူနိုက်တက်ဟာ ချန်ပီယံရှစ်မှာ ၂ နှစ်ဆက်ကစားပြီး တန်းပြန်တက်လာတာဖြစ်ပြီး ဘန်လေကတော့ မနှစ်ကရာသီမှာ တန်းဆင်းခဲ့ရပြီးနောက် တနှစ်အတွင်းမှာ တန်းပြန်တက်နိုင်ခဲ့တာပါ။
လက်ကျန် တန်းတက်ခွင့်တနေရာအတွက် အဆင့် ၃ က ရှက်ဖီးယူနိုက်တက်နဲ့ အဆင့် ၄ က ဆန်းဒါးလန်းတို့က ပလေးအော့ဖ်ကစားခွင့် သေချာသွားပြီး ဘရစ္စတိုးလ်၊ ကိုဗင်ထရီနဲ့ မစ်ဒယ်ဘရော့တို့က ပလေးအော့ဖ်ကစားခွင့် လက်ကျန် ၂ နေရာအတွက် အပြိုင်ဖြစ်နေပါတယ်။