
အဲဗာတန်အသင်းကို အနိုင်ရခဲ့တာက ကြီးမားတဲ့နိုင်ပွဲဖြစ်ကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ ဧပြီ ၁၉ ရက် မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်ကို ခက်ခက်ခဲခဲ ကစားကာ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားသာချက် ရရှိစေခဲ့တာပါ။
အဲဗာတန်အသင်းဟာ သူတို့အိမ်ကွင်းမှာ လီဗာပူးနဲ့ အာဆင်နယ်အသင်းတွေကိုတောင် ဒုက္ခပေးခဲ့တာကြောင့် အနိုင်ရခဲ့တာက ကြီးမားတဲ့နိုင်ပွဲဖြစ်ကြောင်း၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့် ရရှိလာတဲ့အပေါ် ဝမ်းမြောက်မိကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ လက်ကျန် ၅ ပွဲအလိုမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အဆင့် ၆ နေရာက ဗီလာအသင်းကို တမှတ်အသာနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။