
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်၊ ဝါရီကေားခူကျေးရွာနားမှာ စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်လို့ စစ်ရှောင်အမျိုးသမီး တယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဧပြီ ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မိုးဗြဲမြို့အခြေစိုက် ၄၂၂ တပ်ကနေ ဝါရီကေားခူကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ၁၀ ကြိမ်လောက် ပစ်ခတ်ခဲ့တာလို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
“လက်နက်ကြီးကျလာလို့ အစက လယ်ကွင်းဘောင်ကို အကာအကွယ်ယူသေးတယ်။ ၈ လုံးမြောက် ရောက်တော့ လယ်ကွင်းဘောင်ပေါ်ပဲ လက်နက်ကြီးကျပြီး လူထိသွားတယ်။ တယောက် ချက်ချင်း သေဆုံးသွားတယ်။ ၂ ဦးတော့ ဒဏ်ရာရတယ်။”
သေဆုံးတဲ့သူဟာ အသက် ၆၀ ဝန်းကျင်အမျိုးသမီးဖြစ်ပြီး ဒဏ်ရာရရှိတဲ့ ၂ ယောက်ကိုတော့ ဘေးကင်းတဲ့နေရာမှာ ဆေးကုသနေတယ်လို့ ပြောပါတယ်။
ဧပြီ ၁၉ ရက် မနက်ပိုင်းမှာလည်း မိုးဗြဲမြို့ဘက်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးအဖွဲ့နဲ့ တိုက်ပွဲပြင်းထန်နေပါတယ်။
ဧပြီ ၄ ရက်ကလည်း မိုးဗြဲမြို့နယ်၊ ပီကင်းကောခူကျေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား တယောက် သေဆုံးပြီး အဲဒီနေ့ညဘက်မှာလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်လို့ ကျေးရွာခံ အမျိုးသား ၄ ယောက် သေဆုံးခဲ့ပါတယ်။